ခါတွမ်း၊ နိုဝင်ဘာ ၁၆

ဆူဒန်နိုင်ငံ ခါတွမ်းမြို့ရှိ အယ်လ်ဂျာဇီးယားမီဒီယာကွန်ရက်၏ ဗျူရိုအကြီးအကဲကို ဆူဒန်အာဏာပိုင်များက ၎င်း၏နေအိမ်ကို ညသန်းခေါင်ယံ ဝင်ရောက်စီးနင်းဖမ်းဆီးခဲ့ပြီးနောက် နှစ်ရက်အကြာ၌ ပြန်လည် လွှတ်ပေး ခဲ့ကြောင်း ၎င်း သတင်းဌာနက ရေးသားဖော်ပြခဲ့သည်။

ဗျူရိုအကြီးအကဲ အယ်လ်မူဆယ်မီအယ်လ်ကာဘာရှီကို နိုဝင်ဘာ ၁၆ ရက်(ယနေ့)တွင် ပြန်လွှတ်ပေးခဲ့ခြင်း ဖြစ်သည်။

၎င်းအား နှစ်ရက်ကြာဖမ်းဆီးထိန်းသိမ်းခဲ့သည့်အကြောင်းရင်းကိုမူ ဆူဒန်စစ်တပ်က ထုတ်ဖော်ပြောကြားခြင်း မရှိသေးပေ။

ပြီးခဲ့သည့်လက ဆူဒန်နိုင်ငံတဝန်းတွင် စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့် လူထုဆန္ဒပြပွဲများအတွင်း ပါဝင် ခဲ့သူများကို ယခုတလော လိုက်လံဖမ်းဆီးနေခဲ့ရာ အယ်လ်ဂျာဇီးယားသတင်းသမားလည်း အဖမ်းခံရခြင်း ဖြစ်သည်။

၎င်းဖမ်းဆီးခံရခြင်းနှင့်ဆက်စပ်၍ ဆူဒန်စစ်တပ်၏လုပ်ရပ်များကို အယ်လ်ဂျာဇီးယားက ပြင်းပြင်းထန်ထန် ရှုတ်ချ ခဲ့ပြီး သတင်းထောက်များ အတားအဆီးကင်းမဲ့စွာဖြင့် ဆက်လက်လုပ်ကိုင်ခွင့်ပြုရန် တိုက်တွန်းတောင်းဆို ခဲ့သည်။

ကာတာနိုင်ငံအခြေစိုက် အယ်လ်ဂျာဇီးယားမိခင်ဌာနက ၎င်း၏ ဝန်ထမ်းအားလုံး လုံခြုံရေးအတွက် ဆူဒန်စစ်တပ် တွင် တာဝန်ရှိကြောင်း ပြောကြားခဲ့သည်။

ယခုလိုဖမ်းဆီးမှုသည် ဆူဒန်အာဏာပိုင်များအနေဖြင့် အယ်လ်ဂျာဇီးယားကို နှိပ်ကွပ်မှု ပထမဆုံးအကြိမ် မဟုတ် ခဲ့ပေ။

၂၀၁၉ ခုနှစ်တွင် ဆူဒန်လုံခြုံရေးတပ်ဖွဲ့များက ခါတွမ်းမြို့ရှိ ၎င်းသတင်းကွန်ရက်ရုံးခန်းကို ပိတ်ခဲ့ပြီး နိုင်ငံတဝန်း ရှိသတင်းထောက်များ၏ လုပ်ကိုင်ခွင့်ပါမစ်ကိုပါ ရုပ်သိမ်းခဲ့သေးသည်။

ခါတွမ်းမြို့နှင့် အမွှာဖြစ်သော အွန်ဒါမန်မြို့တို့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက စစ်အာဏာသိမ်း ဆန့်ကျင်ရေး ဆန္ဒပြသူများကို ကျည်ဆန်များ၊ မျက်ရည်ယိုဗုံးများဖြင့် ပစ်ခတ်ဖြိုခွင်းခဲ့ရာ အနည်းဆုံး လူ ၈ ဦး သေဆုံးခဲ့ပြီး နောက် အယ်လ်ကာဘာရှီကို နိုဝင်ဘာ ၁၄ ရက်တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

အာဏာသိမ်းပြီးကတည်းက အသက်ဆုံးရှုံးခဲ့ရသူအရေအတွက်မှာ ၂၃ ဦးအထိ ရှိခဲ့သည်။

အောက်တိုဘာ ၂၅ ရက်တွင် ဆူဒန်စစ်အာဏာသိမ်းမှုကို ဦးဆောင်ခဲ့သည့် ဗိုလ်ချုပ်ကြီး အေဘယ်ဖာတာ အယ် ဘာမန်သည် နိုဝင်ဘာ ၁၁ ရက်တွင် သူ့ကိုယ်သူ အချုပ်အခြာအာဏာပိုင်ကောင်စီ၏ အကြီးအကဲအဖြစ် ပြန်လည် ခန့်အပ်ခဲ့သည်။

Source: Aljazeera