၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၁၆
အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ(NUCC)တွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ (၈)ဖွဲ့ ပါဝင်ကြောင်း ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီမှ ဦးအောင်ဆန်းမြင့်က ပြောသည်။
ယနေ့ (နိုဝင်ဘာ ၁၆) ရက်တွင် ကျင်းပပြုလုပ်သည့် NUCC ၏ အွန်လိုင်း သတင်းစာ ရှင်းလင်းပွဲတွင် ဦးအောင်ဆန်းမြင့်က ပြောကြားခဲ့ခြင်းဖြစ်သည်။
၎င်းက “အခုလက်ရှိ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီမှာ EAO တွေကတော့ တိုင်းရင်းသားလက်နက်ကိုင် တော် လှန်ရေး အဖွဲ့အစည်းတွေကတော့ မတူညီတဲ့ပုံစံ အမျိုးမျိုးနဲ့ စုဖွဲ့မှုမှာ ပါကြပါတယ်။ တချို့ကတော့ အဖွဲ့အစည်းအနေနဲ့ တိုက်ရိုက် ပါဝင်ခဲ့ကြသလို တချို့ကြတော့ ပြည်နယ်ကိုယ်စားပြု အတိုင်ပင်ခံကောင်စီဆိုပြီးတော့ ကိုယ့်ရဲ့ပြည်နယ် ကိုယ်စား ပြုမှု အစုအဖွဲ့မှာ ပါဝင်ခဲ့ကြတာ ဖြစ်ပါတယ်။ လောလောဆယ်ကြတော့ ကြားထဲမှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ အစည်း (၈) ဖွဲ့လောက်ရှိပါတယ်” ဟု ပြောသည်။
NUCC တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (၈)ဖွဲ့မှ မတူညီသည့် ပုံစံတွင်ပါဝင်ပြီး လက်ရှိတွင် ကရင်အမျိုးသား အစည်းအရုံး (KNU)၊ ချင်းအမျိုးသားတပ်ဦး (CNF)နှင့် ကရင်နီအမျိုးသားများ တိုးတက်ရေးပါတီ (KNPP) တို့ ပါဝင်နေ ကြောင်း၊ အကြမ်းဖျင်းအားဖြင့် (၈)ဖွဲ့ ပါဝင်သည်ဟု ပြောနိုင်ကြောင်း၊ ထိုလက်နက်ကိုင် အဖွဲ့အစည်းများ၏ အမည်နာမကို ပြောပြရန် မိမိတွင် အခွင့်မရှိကြောင်း ဦးအောင်ဆန်းမြင့်က ပြောသည်။
ရှမ်းပြည်နယ် တောင်ကြီးမြို့တွင် ဖက်ဒရယ်ဆိုသည့် စကားပြောမိ၍ တိုင်းရင်းသားခေါင်းဆောင်များ နှစ်ရှည်ထောင်ချခံရမှုကို မမေ့သေးဟု NUCC တွင် ပါဝင်သည့် ဦးမင်းကိုနိုင်က ပြောသည်။
၎င်းက “ကျနော်တို့ ဒီတိုင်းပြည်ရဲ့ ဖက်ဒရယ်လမ်းဟာ တကယ်တော့ ကြမ်းတမ်းခဲ့ပါတယ်။ လိမ်ညာမှုများ ခံခဲ့ရပါတယ်။ လွန်ခဲ့တဲ့ ၁၅ နှစ် ဝန်းကျင်က တောင်ကြီးမြို့မှာ ကောင်းစွာမှတ်မိပါတယ်။ ဖက်ဒရယ်ဆိုတဲ့ စကားကို ပြောမိရုံနဲ့ အဲတုန်းက တိုင်းရင်းသား ခေါင်းဆောင်တွေ၊ လူမျိုးစုခေါင်းဆောင်တွေ နှစ်ရှည်လများ ဖမ်းဆီး ထောင်ချခံခဲ့ရတာကို ဘယ်တော့မှ မမေ့ ပါဘူး” ဟု ပြောသည်။
ယနေ့ကာလတွင် ဖက်ဒရယ်နှင့် ဒီမိုကရေစီကို မည်သူမှ ပေးသနားခြင်းမျိုး မဟုတ်ဘဲ ကိုယ့်အင်ကိုယ့်အားနှင့် ယူနိုင်ရန် စုဝေးနေပြီဖြစ်ကြောင်း ၎င်းက ပြောသည်။
NUCC အနေဖြင့် ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်တွင် ပြည်သူလူထု တစ်ရပ်လုံး၏ တော်လှန်ရေး ရည်မှန်းချက် ပိုမို ထင်ဟပ် လာစေရန် ရည်ရွယ်၍ ပဋိညာဉ်ပြန်လည်သုံးသပ်ပြင်ဆင်၍ ပြည်သူ့ညီလာခံတွင် အတည်ပြုသွားမည်ဟု သိရသည်။
NUCC အနေဖြင့် စုပေါင်းခေါင်းဆောင်မှုဖြင့် သွားနေသည့် နိုင်ငံရေးဦးတည်ချက်မှာ အနာဂတ်ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဖြစ်ကြောင်း ဦးအောင်ဆန်းမြင့်က ပြောသည်။
ယနေ့ ပြုလုပ်သည့် NUCC သတင်းစာ ရှင်းလင်းပွဲကို ဦးမင်းကိုနိုင် (၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) ပဒိုစောတောနီး (KNU)၊ ဦးအောင်ဆန်းမြင့် (ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီ)၊ ဒေါက်တာ လျန်းမှုန်းဆာခေါင်း (ကြားကာလချင်းအမျိုးသား အတိုင်ပင်ခံကောင်စီ)၊ ဦးလွင်ကိုလတ် (ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ) အစရှိ သဖြင့် တက်ရောက်ခဲ့သည်။