CNI International News

ဗျူနိုအေရိစ်၊ နိုဝင်ဘာ ၁၆

လက်ရှိသမ္မတ အယ်လ်ဘာတိုဖာနန်ဒက်သည် နိုဝင်ဘာ ၁၄ ရက်က ကျင်းပခဲ့သည့် အာဂျင်တီးနား ကြားဖြတ် ရွေးကောက်ပွဲ တွင် အရှုံးနှင့်ရင်ဆိုင်နေရသဖြင့် ၎င်း၏ ညွန့်ပေါင်းအဖွဲ့သည် အထက်လွှတ်တော်ကို ထိန်းနိုင်စွမ်း မရှိတော့သည့်အပြင် အောက်လွှတ်တော်တွင်လည်း အင်အားအကောင်းဆုံး အစုအဖွဲ့နေရာမှ လျော့ကျသွားမည့် အလားအလာ များနေခဲ့ကြောင်း အေပီသတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။

လောလောဆယ် အောင်ပွဲခံနေသည့် လက်ယာညွန့်ပေါင်းအဖွဲ့ဖြစ်သည့် Together for Change သည် ဆိုးဝါးသည့် လူမှုရေး အကျပ်အတည်းကို ကိုင်တွယ် ဖြေရှင်းရမည်ဖြစ်ပြီး အာဂျင်တီးနား စီးပွားရေး တည်ငြိမ်စေရန် နိုင်ငံတကာ ငွေကြေးရန်ပုံငွေ အဖွဲ့ (IMF)နှင့် ကြွေးမြီ ပြန်ယူရေး သဘောတူညီချက်ကို ရယူရေးအတွက် သမ္မတအသစ်တွင် တာဝန်ရှိမည်ဖြစ်သည်။

ထို့ပြင် ညွန့်ပေါင်းအဖွဲ့အတွင်း သဘောထား ကွဲလွဲမှုများလည်း ပြင်းထန် လာနိုင်စရာလည်း ရှိနေသည်။

ပီထရောနစ်နှင့် လက်ဝဲဝါဒီပါတီများ စုပေါင်းဖွဲ့ထားသည့် ဖာနက်ဒက်၏ Front of Everyone ညွန့်ပေါင်းအဖွဲ့သည် အောက် လွှတ်တော်ရှိ တစ်သီးပုဂ္ဂလ အမတ်များ၏ ထောက်ခံမှုကို အားကိုးပြီး အထက်လွှတ်တော်ကို ထိန်းချုပ်ခြင်းဖြင့် ဥပဒေများကို အတည်ပြုနိုင်ခဲ့သည်။

လတ်တလောတွင် အတိုက်အခံများသည် နိုင်ငံ၏ လူဦးရေ အများဆုံးဖြစ်သည့် ဗျူနိုအေရိစ်ပြည်နယ်၌ မဲစုစုပေါင်း၏ ၄၀ ဒသမ ၁ ရာခိုင်နှုန်း ရရှိနေပြီး သမ္မတ အယ်လ်ဘာတိုဖာနန်ဒက်၏ ညွန့်ပေါင်းအဖွဲ့က ၃၈ ဒသမ ၄ ရာခိုင်နှုန်းသာ ရသေး သည်။

Together for Change လက်ယာညွန့်ပေါင်းအဖွဲ့သည် ဆန်တာဖေး၊ ကော်ဒိုဘာနှင့် ဗျူနိုအေရိစန် စသည့် မဲဆန္ဒနယ်များတွင် အသာစီးရနေပြီး အခြားခရိုင်များတွင်လည်း ဆက်တိုက်အောင်ပွဲခံနေသည်။

ပုံ-အာဂျင်တီးနားနိုင်ငံရွေးကောက်ပွဲ မဲထည့်နေစဉ်။(AP)

အောက်လွှတ်တော်တွင် အမတ်နေရာ ထက်ဝက်ကို ကိုယ်စားပြု၍ ၁၂၇ ဦးနှင့် ပြည်နယ် ၈ ခုအတွက် အထက်လွှတ်တော် အမတ် ၂၄ ဦးကို ရွေးချယ်တင်မြှောက်နိုင်ခဲ့ရာ ထိုပမာဏမှာ အထက်လွှတ်တော်၏ သုံးပုံတစ်ပုံ ဖြစ်သည်။

လက်ရှိ ဖာနန်ဒက်အစိုးရကို ထောက်ခံမဲများ ကျဆင်းသွားရခြင်းမှာ ယမန်နှစ်က အာဂျင်တီးနားနိုင်ငံ၏ စီးပွားရေး ၁၀ ရာခိုင် နှုန်း ကျဆင်းသွားခြင်းနှင့်အတူ ငွေကြေးဖောင်းပွ ပိုဆိုးလာခြင်းတို့ကြောင့် ဖြစ်သည်။ နိုင်ငံတွင်း လူဦးရေ ၄၅ သန်း၏ ၄၀ ရာခိုင်နှုန်းကျော်သည် ဆင်းရဲတွင်းနက်နေပြီး အလုပ်လက်မဲ့နှုန်းမှာ ၁၀ ရာခိုင်နှုန်း နီးပါးရှိသည်။

ပြီးခဲ့သည့် အောက်တိုဘာလတွင် အာဂျင်တီးနားနိုင်ငံသည် ငွေကြေးဖောင်းပွမှုနှုန်း နှစ်စဉ်သတ်မှတ်ချက်၏ ၄၀ ရာခိုင်နှုန်း နီးပါး ရှိလာခဲ့သည်။

ဗျူနိုအေရိစ်မြို့ရှိ အောက်လွှတ်တော်တွင် ရွေးကောက်တင်မြှောက်ခံရသော ညွန့်ပေါင်းအဖွဲ့ခေါင်းဆောင် တစ်ဦးဖြစ်သူ မာရီယာယူဂျန်နီးယားဗီဒယ်က ယခုမဲရလဒ်များကြောင့် သူ့အနေဖြင့် စိတ်လှုပ်ရှားမိကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

“အာဂျင်တီးနားနိုင်ငံတဝန်းက သန်းနဲ့ချီတဲ့ ပြည်သူတွေက  ဒီမဲတွေကို လုံလောက်တယ်လို့ ပြောကြတယ်။ သူတို့က လုံလောက်တယ်ပြောပြီး ဝမ်းနည်းမှု၊ စိတ်ပျက်မှုနဲ့ ဒေါသတွေကို အနိုင်ယူသွားခဲ့ပါတယ်”ဟု ဗီဒယ်က ပြောသည်။

Source: AP