ထရီပိုလီနိုဝင်ဘာ ၁၇

လစ်ဗျားနိုင်ငံတွင် ဩဇာကြီးမား၍ အထူးထင်ရှားသော တပ်မှူး ခလီဖာဟစ်တာသည် လာမည့်လ သမ္မတရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် အမည်စာရင်းတင်သွင်းကြောင်း နိုဝင်ဘာ ၁၆ ရက်တွင် ကြေညာခဲ့သည်။

ရွေးကောက်ပွဲ မရေရာ မသေချာသည့်ကြားမှ ကိုယ်စားလောင်း အဆိုပြုချက်ဟုဆိုနိုင်ကြောင်း အေပီသတင်းဌာနက ရေးသား ဖော်ပြသည်။

ခလီဖာဟစ်တာသည် လစ်ဗျားတွင် သဘောထား ကွဲလွဲခဲ့သူဖြစ်သော်လည်း လာမည့် ဒီဇင်ဘာ ၂၄ ရက်တွင် ကျင်းပရန် စီစဉ် ထားသည့် ရွေးကောက်ပွဲများမတိုင်မီ ကျယ်ကျယ်ပြန့်ပြန့် မဲဆွယ်စည်းရုံးနိုင်ရန် မျှော်လင့်ထားသည်။

လစ်ဗျားအရှေ့ပိုင်း ဘန်ဂါဇီမြို့တွင် ၎င်း၏ သမ္မတအဖြစ် အရွေးချယ်ခံယူလိုကြောင်း စာရွက်စာတမ်းများကို တင်သွင်းခဲ့ပြီး နိုင်ငံ၏ အမြင့်ဆုံး ရာထူးအတွက် ကံကြမ္မာဆိုးကြီးကြားမှ ဆွဲထုတ်ဦးဆောင်နိုင်ရန် ကြိုးပမ်းနေကြောင်း တပ်မှူး ဟစ်တာက ဗီဒီယိုဖိုင်တစ်ခုထဲတွင် ကြေညာခဲ့သည်။

လစ်ဗျားပြည်သူများအနေဖြင့် အသိအမြင်နှင့် တာဝန်အရှိဆုံး အဆင့်တို့ဖြင့် မဲကြရန်၊ ဆယ်စုနှစ်တစ်ခုကြာ နိုင်ငံမတည်ငြိမ် မှုများနှင့် ပြည်တွင်းစစ်အပြီး ပြန်လည်တည်ဆောက်ရေး၊ ပြန်လည်စတင်နိုင်ကြစေရန် ၎င်းက တိုက်တွန်းခဲ့သည်။

လစ်ဗျားနိုင်ငံသည် ၂၀၁၁ ခုနှစ် နေတိုးကျောထောက် နောက်ခံပြုသည့် ‘အာရပ်နွေဦး’ ခေါင်းစီးအောက်ရှိ လူထုအုံကြွမှုအပြီး သက်ဆိုးရှည်အာဏာရှင် မိုမာကဒါဖီကို ဖြုတ်ချ သုတ်သင်နိုင်ပြီးကတည်းက တိုင်းပြည်မတည်မငြိမ် ဖြစ်ခဲ့သည်။

ပုံ-ဆစ်ဖ်အယ်လ်အစ္စလာမ်ကဒါဖီကိုတွေ့ရစဉ်။(GETTY IMAGES)

ရေနံသယံဇာတ ကြွယ်ဝလှသည့် လစ်ဗျားနိုင်ငံသည် တပ်မှူးဟစ်တာ ကျောထောက်နောက်ခံပြုသည့် နိုင်ငံအရှေ့ပိုင်း အခြေ စိုက် အစိုးရတစ်ရပ်နှင့် အနောက်ပိုင်းအခြေစိုက် ထရီပိုလီမြို့တော်ရှိ လစ်ဗျားပြည်သူ့စစ်နှင့် ကုလသမဂ္ဂတို့ ထောက်ခံသော နောက်ထပ် အစိုးရတစ်ရပ် အုပ်ချုပ်ရေးတို့အကြား နှစ်ပေါင်းများစွာ အကွဲကွဲအပြားပြား ဖြစ်နေခဲ့သည်။

၎င်းတို့နှစ်ဘက်စလုံးသည် တူရကီ၊ ရုရှားနှင့် ဆီးရီးယားတို့ကဲ့သို့ နိုင်ငံများထံမှ ကြေးစားစစ်သားများနှင့် နိုင်ငံခြားတပ်ဖွဲ့ ပံ့ပိုး ကူညီမှုများလည်း ရနေသည်။

ဟစ်တာသည် အမေရိကန်နိုင်ငံသားအဖြစ်ရော လစ်ဗျားနိုင်ငံသားအဖြစ်ပါ ခံယူထားပြီး လစ်ဗျား-အာရပ် လက်နက်ကိုင်တပ် များကို ၎င်းစိတ်ကြိုက်ကွပ်ကဲသော်လည်း စစ်ဦးစီးချုပ် အက်ဒယ်ရာ ဇက်အယ်လ်နက်ဟော်ရီကို ပြီးခဲ့သည့် စက်တင်ဘာလ မှစတင်၍ ၃ လကြာ ၎င်း၏ ရာထူးတာဝန်များ ထမ်းဆောင်ရန် လွှဲအပ်ခဲ့ဖူးသည်။

သွားလေသူ အာဏာရှင် မိုမာကဒါဖီ၏ သားဖြစ်သူ ဆစ်ဖ်အယ်လ်အစ္စလာမ်ကဒါဖီသည်လည်း နိုဝင်ဘာ ၁၄ ရက်၌ လစ်ဗျား တောင်ပိုင်း ဆာဘေးမြို့တွင် သမ္မတလောင်း အမည်စာရင်း တင်သွင်းခဲ့ပြီး မရှေးမနှောင်းမှာပင် ယခုကဲ့သို့ တပ်မှူးဟစ်တာ၏ အလားတူ အမည်စာရင်းတင်သွင်းမှု ပေါ်ပေါက်လာခြင်း ဖြစ်သည်။

၎င်းတို့၏ သမ္မတလောင်း အမည်စာရင်း တင်သွင်းလွှာများကို ရွေးကောက်ပွဲကော်မရှင်က လက်ခံပါက ၎င်းတို့နှစ်ဦးသည် ဒီဇင်ဘာ ၂၄ ရက် လစ်ဗျားရွေးကောက်ပွဲတွင် ရှေ့ဆုံးမှ တစ်ပြေးသူများ ဖြစ်လာကြမည်ဟု ယူဆရသည်။

Source: AP