အင်ကာရာ၊ နိုတင်ဘာ ၁၇

ပြီးခဲ့သည့် ဇူလိုင် ၇ ရက်က ဟေတီသမ္မတ ဂျိုဗီနယ်မော်စီ လုပ်ကြံသတ်ဖြတ်ခံရမှုတွင် သံသယရှိသူအဖြစ် ယူဆရသူတစ်ဦးကို အစ္စတန်ဘူလ်မြို့ရှိ အကျဉ်းထောင်တစ်ခုတွင် ထားရှိပြီး တူရကီအာဏာပိုင်များက ရက် ၄၀ ကြာ ယာယီထိန်းသိမ်းလိုက်ကြောင်း တူရကီအစိုးရပိုင်သတင်းဌာနကို ကိုးကားလျက် အေပီက ရေးသားဖော် ပြသည်။

အဆိုပါ သံသယရှိသူမှာ စီးပွားရေးသမား ဆာမီယာဟန်ဒယ် ဖြစ်ပြီး စက်တင်ဘာ ၁၅ ရက်အစောပိုင်းက အစ္စတန်ဘူလ် လေဆိပ်တွင် အမေရိကန်မှ ဂျော်ဒန်နိုင်ငံသို့ ပို့ဆောင်ရန် ကြိုးပမ်းစဉ် တူရကီအာဏာပိုင်များက ထိန်းသိမ်းလိုက်ခြင်းဖြစ်ကြောင်း အစိုးရပိုင် အန်နာဒိုလူ (Anadolu) သတင်းဌာနက ထုတ်လွှင့်ခဲ့သည်။ ၎င်းကို ဟေတီအာဏာပိုင်များအနေဖြင့် ဖမ်းဆီးထိန်းသိမ်းထားခြင်းဖြစ်ကြောင်း အန်နာဒိုလူသတင်းတွင် ဆက်လက် ဖော်ပြသည်။

ဆာမီယာဟန်ဒယ်ဖမ်းဆီးမှုနှင့်ပတ်သက်၍ ၎င်းနှင့် တူရကီနိုင်ငံခြားရေးဝန်ကြီးတို့ စကားပြောဆိုပြီးဖြစ်ကြောင်း ဟေတီနိုင်ငံခြားရေးဝန်ကြီး ကလော့ဒ်ဂျိုးဇက်က တွစ်တာလူမှုကွန်ရက်တွင် ရေးသားလွှင့်တင်ခဲ့သည်။ သို့သော် ကလော့ဒ်ဂျိုးဇက်က တရားခံလွှဲပြောင်းရေးအပါအဝင် နောက်ထပ်အချက်အလက်များကို တွစ်တာတွင် ဖော်ပြ ထားခြင်းမရှိပေ။

အစ္စတန်ဘူလ်လေဆိပ်သို့ ဆာမီယာဟန်ဒယ် ဆိုက်ရောက်သည်နှင့်တပြိုင်နက် တူရကီလေဆိပ်ရဲများက အင်တာပိုလ်အကြောင်းကြားစာအရ ၎င်းကိုအလိုရှိကြောင်း ကြေညာခဲ့သည်ဟု အန်နာဒိုလူသတင်းဌာနက ဆက်လက်ဖော်ပြသည်။ တူရကီတရားရေးဝန်ကြီးဌာန၏တောင်းဆိုချက်အတိုင်း ရက် ၄၀ ကြာ ယာယီချုပ်နှောင် ထားသည့်အမိန့်ကို ထုတ်ပြန်ခဲ့သည့် တရားရုံးအရာရှိများက နောက်ပိုင်းတွင် ၎င်းကို မေးခွန်းများထုတ်ခဲ့သည်။

၎င်းကို လက်ရှိတွင် အစ္စတန်ဘူလ်မြို့ရှိ မာလ်တီပီအကျဉ်းထောင်၌ ထားရှိသည်။ ဟေတီသမ္မတကို သတ်ဖြတ်ရန် ကြံစည်မှုတွင် သံသယရှိသူဖြစ်သည့် ဆာမီယာဟန်ဒယ်ကို တူရကီအစိုးရက ထုတ်ဖော်ပြောကြားခဲ့သော်လည်း ၎င်းအပေါ် စွဲချက်နှင့်ပတ်သက်၍ အတိအကျဖော်ပြထားခြင်းမရှိပေ။

ယခုအချိန်အထိ ဟေတီသမ္မတ လုပ်ကြံခံရမှုအတွက် ကိုလံဘီယာစစ်မှုထမ်းဟောင်း ၁၈ ဦးနှင့် ဟေတီ ရဲအရာရှိ များအပါအဝင် သံသယရှိသူ ၄၀ ကျော်ကို ဖမ်းဆီးထားဆဲဖြစ်သည်။ ကိုလံဘီယာစစ်မှုထမ်းဟောင်းအများစုသည် သမ္မတလုပ်ကြံသည့် စစ်ဆင်ရေးတွင် ပါဝင်ရန် ငှားရမ်းခံရသော်လည်း ၎င်းစစ်ဆင်ရေး၏သဘောသဘာဝကို မသိခဲ့ကြကြောင်း ကိုလံဘီယာအာဏာပိုင်များက ပြောကြားထားသည်။

Source: AP