၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၁၇
ရှမ်းပြည်နယ်အတွင်းက စီးပွားရေးကိစ္စ အပါအဝင် တိုက်ပွဲရှောင်များကို အကူအညီပေးနိုင်ရန် မစ္စတာ ဆာဆာကာဝါနှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်(SNLD)တို့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း SNLD ပါတီဥက္ကဋ္ဌ ဦးစိုင်းညွန့်လွင်က CNI သို့ ပြောသည်။
မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် ဂျပန်နိုင်ငံအစိုးရ၏ မြန်မာနိုင်ငံ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ အထူး ကိုယ်စားလှယ် မစ္စတာ ဆာဆာကာဝါသည် SNLD ပါတီနှင့် ယမန်နေ့ (နိုဝင်ဘာ ၁၆) ရက်က တွေ့ဆုံခဲ့ကြသည်။
SNLD ပါတီဥက္ကဋ္ဌ ဦးစိုင်းညွန့်လွင်က “ရှမ်းပြည်နယ်ကိစ္စမှာ စီးပွားရေးနဲ့ ဆိုင်တဲ့ အရောင်းအဝယ်ကိစ္စတွေမှာ ကျနော်တို့က တရုတ်နဲ့ နီးနေတော့ တရုတ်တစ်ခုတည်းကိုပဲ အားကိုးနေရတယ်။ အဲတော့ ရွေးချယ်စရာ မရှိဘူးဖြစ်နေတော့ ရောင်းတဲ့ ဈေးရော၊ ဝယ်တဲ့ဈေးရော ရွေးချယ်စရာမရှိဘူး။ အဲတာကို ဝိုင်းကူဖို့လိုတယ်ဆိုတဲ့အကြောင်းပေါ့နော်။ နောက် ဒုတိယ တစ်ချက်ကတော့ စစ်ဘေးရှောင် ဒုက္ခသည် တစ်သောင်းကျော်ရှိတယ်။ အဲတာကို အကူအညီပေးဖို့အကြောင်း ရှမ်းပြည်နယ်ဘက် အဲလောက်ပါပဲ”ဟု CNI သို့ ပြောသည်။
ရှမ်းပြည်နယ်အတွင်း ဖြစ်ပွားနေသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အချင်းချင်းကြား ကိစ္စရပ်များကိုတော့ မစ္စတာ ဆာဆာကာဝါ အနေဖြင့် သိရှိပြီးဖြစ်လိမ့်မည်ဟု ယူဆကြောင်း ၎င်းက ပြောသည်။
ရှမ်းပြည်နယ်အတွင်းရှိ မိုင်းကိုင်မြို့နယ်၊ ကျောက်မဲမြို့နယ်၊ သီပေါမြို့နယ်များတွင် RCSS နှင့် SSPP ကြားဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် ဒေသခံပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်လျက်ရှိသည်။
ပုံ-မစ္စတာဆာဆာကာဝါ ရခိုင်ပြည်နယ် စစ်တွေမြို့က တိုက်ပွဲရှောင်စခန်းရောက်စဉ်။
မစ္စတာဆာဆာကာဝါသည် နိုဝင်ဘာ ၁၅ ရက်က ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ အလိုတော်ပြည့် လူမှုကယ်ဆယ်ရေးစခန်းသို့ သွားရောက်၍ တိုက်ပွဲရှောင် ပြည်သူများနှင့် တွေ့ဆုံ စကားပြောခဲ့သလို ဘင်္ဂါလီဒုက္ခသည် စခန်းတစ်ခုကိုလည်း သွား ရောက်ခဲ့သည်။
ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA)တို့ ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလမှ ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလအထိ ၂ နှစ် ကျော် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများ မစ္စတာ ဆာဆာကာဝါ၏ ကြားဝင် စေ့စပ်မှုကြောင့် ရပ်တန့်ခဲ့သည်မှာ တစ်နှစ်ရှိပြီ ဖြစ် သည်။
လက်ရှိ ပြည်တွင်း ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ မစ္စတာ ဆာဆာကာဝါအနေဖြင့် အစိတ်အပိုင်း တစ်ခုကို အကူအညီ ပေးနိုင် သော်လည်း အားလုံးကို လက်လှမ်းမမီနိုင်ကြောင်း ဦးစိုင်းညွန့်လွင်က ပြောသည်။
၎င်းက “အစိတ်အပိုင်း တစ်ခုတော့ ဖြစ်နိုင်ပါတယ်။ အားလုံးတော့ မဖြစ်နိုင်ဘူးထင်တယ်။ အားလုံးဆို သူလက်လှမ်းမမီနိုင် ဘူး။ အစိတ်အပိုင်းတစ်ခု နောက်တစ်ခု သူမနှစ်က ရခိုင်က တိုက်ပွဲတွေ တစ်နှစ်လောက်ရပ်သွားအောင် သူလုပ်ပေးနိုင်ခဲ့ တာပဲ။ သူလုပ်တာတော့ မဟုတ်ဘူးပေါ့ဗျာ။ ဖြစ်သွားတဲ့အထဲမှာ သူ့ရဲ့ ဆောင်ရွက်ချက်လည်း ပါတာပေါ့” ဟု ပြောသည်။
မစ္စတာ ဆာဆာကာဝါ အနေဖြင့် မြန်မာပြည်သို့ အကြိမ်ပေါင်း ၁၄၀ ကျော်လာရောက်ခဲ့ပြီး SNLD နှင့် တွေ့ဆုံခြင်းမှာ ပထမဆုံးအကြိမ် ဖြစ်ကြောင်း သိရသည်။
၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၁၂ ရက်က မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် မစ္စတာ ဆာဆာကာဝါသည် နိုဝင်ဘာ ၁၅ ရက်က စစ်တွေမြို့မှာ ရခိုင်အမျိုးသားပါတီ (ANP)နှင့်သော် လည်း ကောင်း၊ နိုဝင်ဘာ ၁၆ ရက်က ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD)၊ ပြည်သူ့ပါတီ (PP)တို့နှင့် သော်လည်းကောင်း တွေ့ဆုံ ဆွေးနွေးခဲ့ကြပြီး ယနေ့ နိုဝင်ဘာ ၁၇ ရက်တွင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) အပါအဝင် နိုင်ငံရေးပါတီ (၄) ပါတီနှင့် တွေ့ဆုံမည်ဟု သိရသည်။