ဒမတ်စကက်၊ နိုဝင်ဘာ ၁၇
ဆီးရီးယားသမ္မတ ဘတ်ရှာအယ်လ်အာဆတ်သည် ခိုင်လုံသော အကြောင်းပြချက်မပေးဘဲ သမ္မတနိုင်ငံ၏ တော်ဝင် ဘာသာရေး ခေါင်းဆောင်ရာထူး (the republic’s grand mufti)ကို ပယ်ဖျက်လိုက်ကြောင်း အမိန့်ထုတ်ပြန်ခဲ့သည်ဟု အယ်လ်ဂျာဇီးယားသတင်းဌာနက ရေးသားဖော်ပြသည်။
အာဆတ် ပယ်ဖျက်လိုက်သော ရာထူးအဆင့်အတန်းမှာ အစ္စလာမ္မ်ဘာသာရေးနှင့် ဆက်စပ်သော ထိပ်တန်းရာထူးဖြစ်သည်။
နိုဝင်ဘာ ၁၅ ရက်က အဆိုပါအမိန့်အရ တော်ဝင်ဘာသာရေးခေါင်းဆောင်ထံသို့ ယခင်က အပ်နှင်းထားသော ရမ်ဇာန်လမြတ် ၏ အစနှင့်အဆုံး ရက်စွဲများ သတ်မှတ်ခြင်း၊ ဘာသာရေးဆိုင်ရာ စီရင်ထုံးများ ကြေညာဖတ်ကြားခြင်း စသည့် လုပ်ပိုင်ခွင့်များ လည်း အကျုံးဝင်မည်ဖြစ်သည်။
အာဆတ်၏အမိန့်သည် တရားစီရင်ရေးကောင်စီ၏ အခွင့်အာဏာနှင့် အစ္စလာမ်ဘာသာရေးဝန်ကြီးဌာန၏ လုပ်ငန်းအပေါ် ထိန်းကျောင်းခြင်းဆိုင်ရာ ဥပဒေ ၃၅ ကို ဖျက်သိမ်းလိုက်ပြီး ဘာသာရေးဝန်ကြီး ဦးဆောင်သော ကောင်စီ၏ အခွင့်အာဏာကို ပိုကောင်းလာစေခဲ့သည်။
ပုံ- သမ္မတအာဆတ်နဲ့ ဟာဆန်ကိုတွေ့ရစဉ်။
သမ္မတအာဆတ် ထုတ်ပြန်လိုက်သည့် အမိန့်အရ ဆီးရီးယားနိုင်ငံ၏ တော်ဝင်ဘာသာရေး ခေါင်းဆောင်ဖြစ်သူ အာမက်ဘာဒါ အယ်လ်ဒင်ဟာဆန်သည် ပြည်တွင်း အစ္စလာမ္မစ်အမြင့်ဆုံး အာဏာပိုင်အဖွဲ့မှ အငြိမ်းစားယူစေခဲ့သည်။
ယခုလအစောပိုင်းက သေဆုံးသွားခဲ့သော နာမည်ကျော် ဆီးရီးယားအဆိုတော် ဆာဘက်ဖောခရီ၏ ဈာပနတွင် အာမက်ဘာဒါ အယ်လ်ဒင်ဟာဆန်၏ ဘာသာရေးဆိုင်ရာ အဓိပ္ပါယ်ဖွင့်ဆိုချက်အပေါ် ဆီးရီးယားဥပဒေရေးရာကောင်စီက ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပြီးနောက် ရက်ပိုင်းအတွင်း အာဆတ်၏ ယခုအမိန့် ထွက်ပေါ်လာခြင်းဖြစ်သည်။
လက်ရှိ တော်ဝင်ဘာသာရေး ခေါင်းဆောင်ဖြစ်သူ ဟာဆန်သည် ဆီးရီးယားနိုင်ငံတွင် ထိပ်တန်း ဆွန်နီ မွတ်ဆလင် ဘာသာရေး ခေါင်းဆောင်အဖြစ် သတ်မှတ်ခံရပြီး အစိုးရကိုယ်စား ဘာသာရေးဆိုင်ရာ အမိန့်ထုတ်လေ့ရှိသည်။
ဟာဆန်သည် ၎င်း၏ရှေ့က အာမက်ကက်ဖတာရို ကွယ်လွန်ပြီးနောက် ၂၀၀၅ ခုနှစ်မှစတင်၍ တော်ဝင် ဘာသာရေး ခေါင်းဆောင်ရာထူးကို ထမ်းဆောင်ခဲ့သည်။ ၎င်းသည် ဆီးရီးယားပြည်တွင်းစစ် စဖြစ်စဉ်ကတည်းက အစိုးရကို အခိုင်အမာ ထောက်ခံသူအဖြစ် လူသိများပြီး သမ္မတအာဆတ်နှင့် အတူယှဉ်တွဲလျက် အကြိမ်ပေါင်းများစွာ သတင်းဓါတ်ပုံ အရိုက်ခံခဲ့ သည်။
Source: Aljazeera