၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၁၈

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)က မြန်မာနိုင်ငံအတွင်း ကျင်းပမည့် ရွေးကောက်ပွဲများကို PR စနစ်ဖြင့် ကျင်းပ နိုင်ရေးကြိုးစားနေရာမှာ Party list System မျိုး ကျင့်သုံးပါက ပါတီတွင်း ဗဟိုဦးစီးစနစ်များ ရှင်သန်လာနိုင်သည်ဟု ရန် ကုန် စောင့်ကြည့်အဖွဲ့ဥက္ကဋ္ဌ ဒေါက်တာညိုညိုသင်းက ပြောသည်။

အချိုးကျကိုယ်စားပြုစနစ်(PR)သည် မျိုးကွဲပေါင်း ၂၀၀ ကျော်ရှိပြီး မြန်မာနိုင်ငံတွင် ကျင့်သုံးရန် ကြိုးပမ်းနေသည့် PR စနစ် မှာ မည်သည့် စနစ်မျိုးကို သေချာမသိရသေးကြောင်း၊ သို့သော် နိုင်ငံအများစု ကျင့်သုံးနေသော Party list ကို အခြေခံ၍ ကျင့်သုံးမည်ဆိုပါက မဲဆန္ဒရှင်ပြည်သူများသည် ပါတီကိုသာ ကြည့်၍မဲပေးရပြီး လွှတ်တော်ကိုယ်စားလှယ်များကို ပြည်သူ ကရွေးချယ်ခြင်းမဟုတ်တော့ဘဲ ပါတီက ရွေးချယ်ခြင်းသာဖြစ်သွားကြောင်း ၎င်းက ထောက်ပြသည်။

ဒေါက်တာညိုညိုသင်းက “ဆိုကြပါတော့ ကျမ NLD ပဲ ဥပမာပေးချင်တယ်၊ ဒီအနေအထားက NLD ပဲ ပြောလို့ဆိုလို့ ကောင်း တဲ့အနေ အထားဆိုတော့ NLD ရဲ့ CEC တွေက တိတ် တဆိတ်ပဲထားပါတော့ လူ ၃၃၀ ကို သူတို့ဟာသူတို့ ရွေး ချယ် ထားမယ်။ ပြည်သူလူထုကို မကြေညာဘူး၊ မဲဆန္ဒ ၆၀ ရတယ်ဆိုရင် အဲ ၃၃၀ ကို သူတို့ သတ်မှတ်ထားတဲ့ ၆၀ ရာခိုင် နှုန်း ကိုယ်စားလှယ် တွေကို လွှတ်တော်ထဲကို ထည့်ချလိုက်မယ်။ အဲဒီအခါကျတော့ ဗဟိုဦးစီးစနစ်ကို သိပ်ပြီးတော့ ဦးစားပေးရာ ရောက်သွား မယ်။ အမှန်မှန်က PR စနစ်ရဲ့ မူရင်းက ဗဟိုဦးစီးစနစ်ကို အားမပေးဘူး၊ ဒီမိုကရေစီကို ရှင်သန်စေတာ။ ဒီမိုကရေစီကို ဖွံ့ဖြိုး တိုးတက်စေတာ PR ရဲ့ မူရင်း ရည်ရွယ်ချက်က ဒါပေမယ့် ခုနကလို Party list System မျိုးကို သုံး လိုက်မယ်ဆိုရင် ပါတီတွင်း ဗဟိုဦးစီးစနစ်တွေ ရှင်သန်လာလိမ့်မယ်။ ပြည်သူလူထုက ကိုယ်စားလှယ်ကို တိုက်ရိုက် ရွေးနိုင် တဲ့ အခြေအနေ မဟုတ်ဘဲနဲ့ ပါတီခေါင်း ဆောင်တွေရဲ့ ထားပါတော့ ကိုယ့်ရဲ့တူမ၊ ကိုယ့်ရဲ့သားသမီး ကြိုက်တဲ့လူကို ထည့် လို့ရတယ်၊ ကိုယ်နဲ့နီးစပ်တဲ့ သူဌေးပေါ့နော်၊ အဲလိုမျိုးထည့်လို့ရတဲ့ အနေအထားမျိုးဖြစ်သွားတော့ အဲတော့ ဘယ်လို PR မျိုးလည်းဆိုတာ သိပ်ပြီးတော့ အရေးကြီးသွားပြီ”ဟု CNI သို့ ပြောသည်။

ဒေါက်တာညိုညိုသင်းသည် ဦးသိန်းစိန်အစိုးရလက်ထက်က ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်ဖြစ်ခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အစိုးရ၏ စီမံကိန်းများ အကောင်အထည်ဖော်မှုများကို ထောက်ပြဝေဖန်ခဲ့သူဖြစ်သည်။ ထို့ နောက် ၂၀၁၅ အထွေထွေရွေးကောက်ပွဲနှင့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲများတွင် တစ်သီးပုဂ္ဂလအဖြစ် ဝင်ရောက် ယှဉ် ပြိုင်ခဲ့သူဖြစ်သည်။

ပုံ-PR စနစ်အကြောင်း UEC နဲ့ နိုင်ငံရေးပါတီများ ဆွေးနွေးနေစဉ်။

ချင်း၊ရှမ်း၊ရခိုင်၊ကယားပြည်နယ်များသည် လူမျိုးစုကို အခြေခံ ဖြစ်တည်နေသော ဒေသများဖြစ်သည့်အတွက် PR စနစ်ကို မကြိုက်နိုင်ကြောင်း၊ မွန်၊ကရင်နှင့် ပြည်မဒေသများသည် ပထဝီကို အခြေခံဖြစ်တည်နေသော ဒေသများဖြစ်သည့်အတွက် PR စနစ်ကို ကြိုက်နိုင်ကြောင်း၊သို့သော် PR စနစ်သည် အားလုံးအတွက် ထွက်ပေါက် ဟုတ်ချင်မှ ဟုတ်မည်ဖြစ်သည့်အတွက် အကျေအလည် ဆွေးနွေးညှိနှိုင်းရန်လိုအပ်ကြောင်း မွန်ပြည်နယ်လွှတ်တော် ဒုဥက္ကဋ္ဌဟောင်းဖြစ်သူ လက်ရှိ မွန်နိုင်ငံရေး သမား ဒေါက်တာအောင်နိုင်ဦးက ဆိုသည်။

ဒေါက်တာအောင်နိုင်ဦးက “PR စနစ်ကလည်း အားလုံးရဲ့ထွက်ပေါက် ဟုတ်ချင်မှလည်း ဟုတ်မယ်လို့ ယူဆနိုင်သလို တကယ့် ကျနော်တို့ အားလုံးရဲ့ကိုယ်စားပြုမှု ဖြစ်တည်ရေးအတွက်ကို ဘယ်လို PR စနစ်မျိုးကို ကျင့်သုံးမလဲဆိုတာကလည်း အကျေ အလည် ဆွေးနွေးယူရမယ်လို့ ကျနော်မြင်ပါတယ်။ ကျနော်တို့က စနစ်တစ်ခုကို မကောင်းဘူး နောက် စနစ်တစ်ခုကို ပြောင်း ကြကြေး ဆိုရင်တော့ ကျနော်တို့က အချိန်ကုန် လူပန်း ဖြစ်သွားတာမျိုးလည်း အများကြီး ရှိနိုင်တယ်ပေါ့နော်။ အဲတော့ စနစ် တစ်ခုကို မပြောင်းခင်မှာ သေချာ အချက်အလက်တွေ၊ ဒေတာတွေ၊ ကိန်းဂဏန်းတွေ အားလုံးရဲ့ ဆန္ဒသဘောတူညီချက်တွေ ကို ဆွေးနွေးညှိနှိုင်းဖို့လိုမယ်လို့ ကျနော်ယူဆပါတယ်”ဟု CNI သို့ ပြောသည်။

PR စနစ်ကျင့်သုံးနိုင်ရေး သုံးသပ်ဆွေးနွေးပွဲကို UEC သည် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးမှာ နိုဝင်ဘာ ၅ ရက်မှ ၇ ရက် နေ့အထိ နိုင်ငံရေးပါတီ ၅၃ ပါတီဖြင့် တွေ့ဆုံ ဆွေး နွေးခဲ့ကြသည်။

နိုင်ငံရေးပါတီတချို့ကတော့ လက်ရှိ မြန်မာ့နိုင်ငံရေး အခြေအနေအရ PR စနစ်ကို ကျင့်သုံးရန် အချိန်မကိုက်သေးကြောင်း၊ နိုင်ငံရေးပဋိပက္ခများကို ဦးစားပေး ဖြေရှင်းပြီးမှသာလျှင် PR စနစ် ကျင့်သုံးရေး ဆွေးနွေးညှိနှိုင်းသင့်ကြောင်းဆိုကြသည်။

လက်ရှိ PR စနစ်ကျင့်သုံးသည့် နိုင်ငံများမှာ ရုရှား၊ ဂျာမနီ၊ အီတလီ၊ နော်ဝေ၊ အိုင်ယာလန်၊ဖင်လန်၊ ဆွီဒင်၊ နယ်သာလန်၊ ဘယ်လ်ဂျီယံ၊ ဒိန်းမတ်၊ ထိုင်း၊ ဆွစ်ဇာလန် စသည့် နိုင်ငံများ ဖြစ်ကြောင်း သိရသည်။