၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၁၈
အထောက်ထားမဲ့ မြန်မာနိုင်ငံသားများကို ထိုင်းနိုင်ငံသို့ တရားမဝင်လမ်းကြောင်းမှ တဆင့်ပို့ဆောင်ကာ တာဝန် မယူသည့် ပွဲစားများ၏ အချက်အလက်များအား အတိအကျပေးပို့ပါက စုံစမ်းအရေးယူသွားမည်ဟု အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ဖြစ်သည့် မွန်ပြည်သစ်ပါတီ ဘုရားသုံးဆူနယ်မြေမှူး နိုင်ကျော်မိုးက ပြောသည်။
“ကျနော်တို့ဆီကို ဖုန်းနဲ့ဖြစ်ဖြစ်ပေါ့၊ ပွဲစားတွေရဲ့ ရုပ်ပုံပဲဖြစ်ဖြစ် ကျနော်တို့ကိုအကြောင်းကြားပေး၊ သတင်းပို့ပေး အတတ်နိုင်ဆုံး တာဝန်မယူတဲ့ပွဲစားတွေကို ကျနော်တို့ ညှိနှိုင်းပြီး တော့ အရေးယူမှုအပိုင်းရှိပါတယ်။ သြဂုတ်မှာ တစ်ကြိမ်၊ စက်တင်ဘာမှာတစ်ကြိမ် တရားမဝင်တဲ့လူတွေကိုဖမ်းဆီးမိတယ်။ ဒီလူတွေကို ပညာပေးအနေနဲ့ ရှင်းပြတယ်၊ ထမင်းကျွေးတယ်၊ မနက်ကျတော့ပြန်လွှတ်တယ်။ သူတို့ရဲ့ပွဲစားတွေကို ဖမ်းမိတယ်။ ဒါပေမယ့် ပွဲစား အစစ်အမှန် သူတို့ရဲ့ဂိုဏ်းချုပ်ပေါ့ မမိဘူး။ သူတို့က လူလွှတ်တယ် ဖုန်းတွေနဲ့ အဆက် အသွယ်လုပ်ပြီးတော့ လမ်းကြောင်းတွေနဲ့ လမ်းပြတွေကိုဖမ်းမိတယ်။ လမ်းပြအပေါ်မှာ ထောင်ဒဏ်သုံးလချမှတ်တယ်” ဟု CNI သတင်း ဌာနသို့ ပြောသည်။
မွန်ပြည်သစ်ပါတီ၏ ထိန်းချုပ်မှုနယ်မြေအတွင်းတွင် စက်တင်ဘာနှင့်အောက်တိုဘာ ၂ လ၌ ပွဲစား ၆ ဦးခန့် ဖမ်းမိ ခဲ့ကာ ၎င်းတို့အဖွဲ့အစည်း၏ဥပဒေအရ ပြစ်ဒဏ်အဖြစ် အလုပ် ကြမ်းနှင့် ထောင်ဒဏ် ၃ လ ချမှတ်ပြီး အမှုအကြီး အသေးပေါ်မူတည်ကာ ငွေဒဏ်ချမှတ်ကြောင်း သိရသည်။
မြန်မာနိုင်ငံ၏ နိုင်ငံရေးအပြောင်းအလဲများကြောင့် အလုပ်အကိုင်ဝင်ငွေ ရှားပါးလာသည့်အတွက် အထောက်ထား မဲ့ မြန်မာနိုင်ငံသားများ ထိုင်းနိုင်ငံသို့ တရားမဝင်လမ်းကြောင်းမှတဆင့် ဝင်ရောက်မှုသည် ယခင်ကထက် ပိုများ လာကာ နေ့တိုင်းနီးပါး ဖမ်းဆီးခံရမှုများရှိနေသည်။
အများဆုံးဖမ်းမိသည့်နေရာသည် မွန်ပြည်နယ် ဘုရားသုံးဆူ နယ်စပ်မြို့နှင့် ထိစပ်နေသော ထိုင်းနိုင်ငံ ကန်ချနဘူရီ ခရိုင်တွင်ဖြစ်ကြောင်း သိရသည်။
ဘုရားသုံးဆူတွင် နယ်စပ်ဝင်ပေါက် အများအပြားရှိကာ ထိုင်းနိုင်ငံသို့ ခိုးဝင်သည့်အခါတွင် လွတ်သွားခြင်းမျိုး လည်း ရှိကြောင်း သိရသည်။
မွန်ပြည်သစ်ပါတီ ဘုရားသုံးဆူနယ်မြေမှူး နိုင်ကျော်မိုးက “သူတို့က ဘာမှမလုပ်ဘဲနဲ့ ဒီလိုဒုက္ခရောက်နေတဲ့ ပြည်သူလူထုအပေါ်မှာ တရားမဝင်နည်းလမ်းနဲ့ဆွယ်တယ်။ စည်းရုံးတယ်။ တခြားနိုင်ငံကို လုပ်စားကောင်းတယ် ဘာညာပေါ့။ သွားရင်လည်း အာမခံနိုင်တဲ့ပွဲစားတွေနဲ့သွားပေါ့။ ကိုယ့်ရဲ့စီးပွားရေးအခြေအနေ၊ ကိုယ့်ရဲ့ စားဝတ်နေ ရေးအခြေအနေအဆင်မပြေတော့ ဒါ တခြားနိုင်ငံမှာ လုပ်စားကြတာဆိုတော့ သေချာတဲ့ပွဲစားနဲ့သွားကြပါ။ သေချာတဲ့အဆက်အသွယ်နဲ့သွားကြပါ” ဟု ပြောသည်။
တရားမဝင် သွားရောက်ရာတွင် နေရာပေါ်မူတည်ကာ တစ်ဦးလျှင် ပွဲစားခ ဘတ် ၁၅၀၀၀(တစ်သောင်းခွဲ)မှ ဘတ် ၃၀၀၀၀(သုံးသောင်း) ဝန်းကျင်အထိ (ဘတ်တစ်သောင်းလျှင် မြန်မာငွေငါးသိန်းခန့်) ပေးရကြောင်း သိရသည်။
ထိုင်းနိုင်ငံသို့ တရားမဝင်သွားရောက်သည့် အထောက်အထားမဲ့မြန်မာအများစုသည် ထားဝယ်၊ ပဲခူးတိုင်းဒေသ ကြီး၊ မော်လမြိုင်မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်များမှ ဖြစ်ကြောင်း သိရသည်။