CNI News

၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၂

အာရက္ခတပ်တော်(AA)သည် အတင်းအကြပ် အုပ်ချုပ်ရေးယန္တရားများ ဖော်ဆောင်ပြီး လွတ်လပ်ခွင့်များကို တားဆီးပိတ်ပင်နေသလို လူ့အခွင့်အရေးများကို ချိုးဖောက်နေသည်ဟု ချင်းပြည်ကောင်စီက ၂၀၂၄ ခုနှစ်၊ ဇွန် လ ၁၀ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

ULA/AA သည် ချင်းပြည်နယ်အတွင်း အပြစ်မဲ့ ချင်းပြည်သူများအပေါ် အတင်းအဓမ္မ တပ်သားများ စုဆောင်း၍ စစ်သင်တန်းများ သင်ယူစေခြင်း၊ အတင်းအကြပ် အုပ်ချုပ်ရေးယန္တရားများ ဖော်ဆောင်ခြင်းများကို ဆောင်ရွက် နေသည့်အပြင် တိုင်းရင်းသားလူမျိုးနွယ်စု အချင်းချင်း အပြန်အလှန် လေးစားအသိအမှတ်ပြုမှုကို လစ်လျူရှု၍ လွတ်လပ်စွာ ပညာသင်ကြားခွင့်၊ ဘာသာရေး လွတ်လပ်ခွင့်များကို တားဆီးပိတ်ပင်ပြီး အခြေခံ လူ့အခွင့်အရေး များကို ချိုးဖောက်နေသည့်အတွက် များစွာ စိတ်မကောင်းဖြစ်ရပါသည်ဟု ချင်းပြည်ကောင်စီက ထုတ်ပြန်ခဲ့ သည်။

ထိုလုပ်ရပ်များသည် တိုင်းရင်းသားလူမျိုးနွယ်စုများအကြား ချစ်ကြည်ရင်းနှီးမှု၊ အပြန်အလှန် ယုံကြည်မှုကို ထိခိုက်ပျက်ပြားစေသည့်အပြင် တစ်မျိုးသားလုံး လွတ်မြောက်ရေးအတွက် ဖော်ဆောင်နေသည့် တော်လှန်ရေး လမ်းစဉ်များကိုလည်း နှောင့်နှေးစေသည်ကို တွေ့ရှိရသည်ဟု ၎င်းက ပြောသည်။

ချင်းပြည်ကောင်စီရဲ့ ထုတ်ပြန်ချက်ကို တွေ့ရစဉ်

ထို့နောက် ချင်းပြည်နယ်၏ အချုပ်အခြာ အာဏာသည် ချင်းပြည်နယ်အတွင်းရှိ ပြည်သူလူထုများဖြစ်သည့် အလျောက် ULA/AA အနေဖြင့် ချင်းပြည်နယ်အတွင်း စစ်ရေးလှုပ်ရှားမှုများ၊ စစ်ရေးဖော်ဆောင်မှုများကို ရှောင် ရှားရန် ချင်းပြည်ကောင်စီက ထုတ်ပြန် ပြောကြားသည်။

ထို့အပြင် ချင်းအမျိုးသားပိုင်နက် နယ်မြေအတွင်း မိမိတို့ ပြည်သူလူထုများ၏ သဘောထားဆန္ဒမပါဘဲ အတင်းအကြပ် အုပ်ချုပ်ရေးဖော်ဆောင်ခြင်း၊ လူ့အခွင့်အရေး ချိုးဖောက်ခြင်းများ လုပ်ဆောင်နေမှုများသည် တိုင်းရင်းသားလူမျိုးနွယ်စုများ အချင်းချင်းကြား မလိုလားအပ်သော လူမျိုးရေးပဋိပက္ခ၊ စစ်ရေးပဋိပက္ခများ ဖြစ်ပေါ်လာစေနိုင်သည့်အတွက် အထက်ပါ လုပ်ဆောင်နေမှုများကို ရပ်တန့်ပေးရန် ချင်းပြည်ကောင်စီက တိုက် တွန်းထားသည်။

AA သည် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်းရှိ မြန်မာ့တပ်မတော် စစ်စခန်းများတိုက်ခိုက်ပြီးနောက် ပလက်ဝမြို့နယ်ကို ထိန်းချုပ်ထားသလို တခြားသော ချင်းပြည်နယ်အတွင်းရှိ မြို့နယ်များမှာလည်း ချင်း PDF တချို့ကို စစ်သင်တန်းများပေးခြင်းနှင့် လက်နက်ခဲယမ်းများ တပ်ဆင်ခြင်း အပါအဝင် မြန်မာ့တပ်မတော် စစ် စခန်းများကို ပူးပေါင်း တိုက်ခိုက်ပေးလျက်ရှိနေသည်။

လက်ရှိ AA ထိန်းချုပ်ထားသော ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်းမှာ နေထိုင်ကြသည့် ချင်းမျိုးနွယ်စုများ သည် စားနပ်ရိက္ခာ ပြတ်လပ်မှုနှင့် AA ၏ ဖိနှိပ်မှုများကြောင့် နေရပ်စွန့်ခွာထွက်ပြေး တိမ်းရှောင်နေကြရသည်ဟု ပလက်ဝမြို့နယ်ဒေသခံများက ပြောသည်။