CNI International News

မော်စကို၊ ဧပြီ ၂၆

ရုရှားနိုင်ငံတွင် ဒုတိယကာကွယ်ရေးဝန်ကြီး တီမာ အိုင်ဗန်နော့ဗ် (Timur Ivanov) ကို အခြေတည်သည့် လာဘ်ပေးလာဘ်ယူ စုံစမ်းစစ်ဆေးမှုတစ်ခု၌ တတိယမြောက်အနေဖြင့် ဆောက်လုပ်ရေးလုပ်ငန်းရှင် အမျိုးသားတစ်ဦး ဖမ်းဆီးခံခဲ့ရကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။

ထိုလာဘ်ပေးလာဘ်ယူမှု အရှုပ်တော်ပုံသည် ယူကရိန်းစစ်ပွဲ စတင်ခဲ့ပြီးနောက်ပိုင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာန အတွက် အဆိုးရွားဆုံး ထိုးနှက်ချက် ဖြစ်လာခဲ့သည်။

ရုရှားသမ္မတ ပူတင် (Vladimir Putin)သည် အစိုးရအဖွဲ့အား ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ဖွယ်ရှိကြောင်း မီဒီယာများက ဖော်ပြခဲ့သည်။

Olimpsitistroy အမည်ရှိ ဆောက်လုပ်ရေးကုမ္ပဏီကို ပူးတွဲတည်ထောင်သည့် အလက်န္ဒား ဖိုမင် (Alexander Fomin) သည် အိုင်ဗန်နော့ဗ်ကို လာဘ်ပေးခဲ့ကြောင်း စွပ်စွဲခံခဲ့ရပြီး ဖမ်းဆီးထိန်းသိမ်း ခံထားရသည်ဟု တရားရုံး က ထုတ်ပြန်ခဲ့သည်။

အိုင်ဗန်နော့ဗ်သည် ၎င်း၏ တွဲဖက်တစ်ဦးဖြစ်သည့် ဆာဂျေ ဘိုရိုဒင် (Sergey Borodin) နှင့်အတူ ဧပြီ ၂၄ ရက်က ဖမ်းဆီးခံထားရသည်။

 ရုရှားဒုတိယကာကွယ်ရေးဝန်ကြီး တီမာ အိုင်ဗန်နော့ဗ်နဲ့ ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂျေ ရွိူင်ဂူကို တွေ့ရစဉ်

ဖိုမင်သည် အိုင်ဗန်နော့ဗ်နှင့် ခိုင်မာသည့် ဆက်ဆံရေးရှိပြီး အိုင်ဗန်နော့ဗ်၊ ဘိုရိုဒင်နှင့် အခြားသူများကို အခမဲ့ ဝန်ဆောင်မှုများ ထောက်ပံ့ပေးခဲ့သည်ဟု သံသယဖြစ်ခံထားရသည်။

အပြန်အလှန်အနေဖြင့် အိုင်ဗန်နော့ဗ်သည် ဒေါ်လာ သန်းချီ တန်ကြေးရှိသည့် ကန်ထရိုက်များကို ဖိုမင်၏ ကုမ္ပဏီ က ရရှိစေရန် ကူညီပေးခဲ့သည်ဟု စုံစမ်းစစ်ဆေးသူများက ယူဆထားကြောင်း စီးပွားရေးသတင်းစာဖြစ်သည့် Kommersant က ဖော်ပြခဲ့သည်။

အိုင်ဗန်နော့ဗ်ကို ဆိုဗီယက်ခေတ်က  KGB ထောက်လှမ်းရေးအဖွဲ့ နေရာကို ဆက်ခံဖွဲ့စည်းထားသည့် ဖက်ဒရယ် ထောက်လှမ်းရေးဌာနက ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

သူသည် ပြစ်မှုထင်ရှား စီရင်ခံရမည်ဆိုပါက ထောင်ဒဏ် ၁၅ နှစ်အထိ ချမှတ်ခံရနိုင်သည်။

အိုင်ဗန်နော့ဗ်ကမူ သူသည် အပြစ်ကင်းစင်ကြောင်း ပြောကြားထားပြီး ဖိုမင်နှင့် ဘိုရိုဒင်တို့ကမူ ထိုအကြောင်းအရာ နှင့်ပတ်သက်ပြီး မှတ်ချက်ပေးခြင်း မရှိသေးပေ။

အိုင်ဗန်နော့ဗ်သည် ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂျေ ရွိူင်ဂူ (Sergei Shoigu) ၏ နီးစပ်သည့် မဟာမိတ်တစ်ဦး ဖြစ်သည်။

Source: ရိုက်တာ