CNI News

၂၀၂၄ ခုနှစ်၊ ဧပြီ ၂၆

နစက၏ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နှင့် တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီး ဝမ်ရှောင်ဟုန်တို့ သည် ၂၀၂၄ ခုနှစ်၊ ဧပြီ ၂၅ ရက်နေ့က ဘေကျင်းမြို့မှာ တွေ့ဆုံ၍ လူပုဂ္ဂိုလ်နှင့် စီမံကိန်းလုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်သွားရန် ဆွေးနွေးခဲ့ကြသည်။

တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီး ဝမ်ရှောင်ဟုန်က “ တရုတ်နိုင်ငံ အနေဖြင့် တရုတ်-မြန်မာ ဆက်ဆံရေးကို မဟာ ဗျူဟာရှုထောင့်မှ အစဉ်အမြဲ ရှုမြင်ကာ တိုးတက်အောင် ဆောင်ရွက်လျက်ရှိကြောင်း၊ တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုများကို ဘက်စုံနက်ရှိုင်းအောင် ဆောင်ရွက်သွားလိုကြောင်း၊ လောင်း ကစား လိမ်ညာမှု၊ မူးယစ်ဆေးဝါး စသည့် နယ်စပ်ဖြတ်ကျော် ပြစ်မှုများကို ထဲထဲဝင်ဝင် တိုက်ဖျက်သွားလို ကြောင်း၊ လူပုဂ္ဂိုလ်နှင့် စီမံကိန်းလုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို နက်ရှိုင်းအောင် ဆောင်ရွက် လိုကြောင်း၊ တရုတ်-မြန်မာ အေးအတူ ပူအမျှ အသိုက်အဝန်း တည်ဆောက်မှုကို ဆက်လက် တွန်းအားပေး ကာ နှစ်နိုင်ငံနှင့်ဒေသ လုံခြုံမှု၊ တည်ငြိမ်မှုနှင့် တိုးတက်မှုအတွက် အကျိုးပြုဆောင်ရွက်သွားလိုသည်”ဟု ပြောကြားခဲ့ကြောင်း တရုတ်သတင်းဌာန ဆင်ဟွာက ဖော်ပြခဲ့သည်။

ထို့နောက် နစက၏ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က နှစ်နိုင်ငံ တရားဥပဒေစိုးမိုးရေး၊ လုံခြုံ ရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုရလဒ်များ ပိုမိုဖြစ်ထွန်းစေရန် တွန်းအားပေး ဆောင်ရွက်သွားလိုကြောင်း ပြောကြားခဲ့သည်ဟု ဆင်ဟွာ၏ ဖော်ပြချက်အရ သိရသည်။

၂၀၂၄ ခုနှစ်၊ ဧပြီ ၂၅ ရက်က  ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်နဲ့ တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီး ဝမ်ရှောင်ဟုန်တို့ တွေ့ဆုံစဉ်

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံအတွင်းမှာ လျှပ်စစ်၊ ဂတ်စ်၊ ရေနံ၊ ကြေးနီ၊ သတ္တူ၊ ရေနက်ဆိပ်ကမ်း စသည့် စီမံကိန်းများကို ရင်းနှီးမြှုပ်နှံထားသလို တခြားသော စီးပွားရေးမြောက်များစွာကိုလည်း ရင်းနှီးမြှုပ်နှံထားသည်။

အဆိုပါ စီမံကိန်းများနှင့် စီးပွားရေး ရင်းနှီးမြှုပ်နှံမှုများ လုံခြုံရေး အပါအဝင် တရုတ်နိုင်ငံသာများနှင့် တရုတ် ကုမ္ပဏီများ လုံခြုံရေးအတွက်ကို တရုတ်အစိုးရ စိုးရိမ်မှုများ ရှိနေသည်။

ထိုသို့ စိုးရိမ်ရခြင်းကလည်း ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့တွင် မြန်မာ့တပ်မတော်က NLD အစိုးရကို ၂၀၂၀ ရွေးကောက်ပွဲ၌ မဲစာရင်း အငြင်းပွားမှုအား မဖြေရှင်းဘဲ အစိုးရဖွဲ့စည်းရေး ကြိုးပမ်းသည်ဟုဆိုကာ ဖြုတ်ချ၍ နိုင်ငံတော်အာဏာကို ရယူလိုက်ခြင်းကြောင့် ပြည်တွင်းမတည်မငြိမ်မှုများ ပေါ်ပေါက်လာခဲ့ခြင်း ကြောင့် ဖြစ်သည်။

ထို့နောက် ပြည်သူလူထုသည် မြန်မာ့တပ်မတော်နှင့် နစကကို ဆန့်ကျင် ဆန္ဒပြမှုများ ပေါ်ပေါက်လာသလို တရုတ်သံရုံးကိုလည်း ဆန္ဒပြခဲ့ကြပြီး တရုတ်နိုင်ငံသားပိုင် လုပ်ငန်းတချို့လည်း မီးရှို့ခံခဲ့ရမှုများ ကြုံတွေ့ခဲ့ရ သည်။

အလားတူ တရုတ်၏ စီမံကိန်းများနှင့် စီးပွားရေး ရင်းနှီးမြှုပ်နှံထားသော ဒေသများတွင် မြန်မာ့တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်များ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)၊ ဒေသကာကွယ်ရေးတပ်ဖွဲ့(LDF)တို့ကြား တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားမှုများလည်း ရှိနေခြင်းကြောင့် တရုတ်က လုံခြုံရေးစိုးရိမ်လျက်ရှိနေသည်။