CNI News

၂၀၂၁ ခုနှစ်၊ ဇူလိုင် ၁၇

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ် တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ (TNDP)၏ မြို့နယ် ဥက္ကဋ္ဌ စိုင်းဘိုဘိုအောင်ကို စစ်တပ်က ဇူလိုင်လ ၁၅ ရက် ညနေ ၈ နာရီခန့်တွင် ဖမ်းဆီး ခေါ်ဆောင်သွားသည်ဟု သိရသည်။

ကျားနီပါတီ မြို့နယ် ဥက္ကဋ္ဌ စိုင်းဘိုဘိုအောင်သည် လူမှုကွန်ရက် ဆိုရှယ်မီဒီယာများတွင် ရေးသားဖြန့်ဝေမှုများနှင့် ဆက်စပ် အဖမ်းခံရခြင်းဖြစ်ကာ စစ်တပ်က ပုဒ်မ ၅၀၅(က)ဖြင့် ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု ကျားနီပါတီ ဥက္ကဋ္ဌ စိုင်းဌေးအောင်က CNI သတင်းဌာနကို ပြောသည်။

“ကျနော်တို့ကြားရတာတော့ ၁၅ ရက် ညနေ ၇ နာရီကျော်လောက်က ဖမ်းသွားတာပဲ။ ဘယ်လိုအကြောင်းနဲ့ ဖမ်း လည်း‌တော့ မပြောတတ်ဘူး။ ကျနော်တို့ ၁၆ ရက်နေ့ မနက်ကျမှ ဘာကိစ္စနဲ့ ဖမ်းလဲ စုံစမ်းကြည့်မှ အဲမှာ ကျနော် တို့ ဗဟိုအလုပ်မှုဆောင် တစ်ဦးရှိတယ်လေ။ ခန္တီးမှာ သူသွားစုံစမ်းတဲ့ အခါကျတော့ ၅၀၅ နဲ့ ဖမ်းတယ်လို့ ပြော တာပဲ။ အဲဒီ မတိုင်ခင်လေးကတော့ သူလိုင်းပေါ် တင်တာလေးတွေက နည်းနည်းဆိုးတယ်ဆိုတဲ့ သတိပေးတဲ့ အသံလေးတွေက ထွက်လာတာပေါ့” ဟု စိုင်းဌေးအောင်က ပြောသည်။

လက်ရှိ ဖမ်းဆီးခံထားရသည့် စိုင်းဘိုဘိုအောင်ကို ခန္တီးအကျဉ်းထောင်တွင် ထိန်းသိမ်းထားပြီး အမှုနှင့် ပတ်သက် ၍ ရှေ့နေများဖြင့် တိုင်ပင်နေကြောင်း ကျားနီပါတီဥက္ကဋ္ဌ စိုင်းဌေးအောင်က ဆိုသည်။

ဒီမိုကရေစီနိုင်ငံဟု ကြွေးကြော်နေပြီး လူတစ်ယောက်ကို ဖမ်းဝရမ်းမပါပဲ ဖမ်းဆီးခြင်းသည် မဖြစ်သင့်ဘဲ မည်သည့် ပုဒ်မဖြစ် ဖမ်းဆီးကြောင်း၊ ဝရမ်းထုတ်၍သာ ဖမ်းဆီးသင့်ကြောင်း စိုင်းဌေးအောင်က ပြောသည်။

“ကျနော်တို့ကတော့ အမှန်ဆို ပြန်လွတ်စေချင်တာပေါ့ဗျာ၊ လူတစ်ယောက်ကို ဖမ်းမယ်ဆိုရင်လည်း ဒီမိုကရေစီ နိုင်ငံရယ်လို့ သူတို့ပြောနေတယ်၊ ပြောနေတယ်ဆိုတော့ လူတစ်ယောက်ကို ဖမ်းမယ်ဆိုရင် ပြည့်ပြည့်စုံစုံနဲ့ ဖမ်းစေချင်တယ်။ လမ်းမှာတွေ့လို့ ခေါ်သွားတာတို့၊ အတင်းဆွဲသွားတာတို့ကတော့ မလုပ်စေချင်ဘူးပေါ့ဗျာ။ အခုမင်းကို ဝရမ်းထုတ်လိုက်တယ်။ ဒီပုဒ်မနဲ့ ဖမ်းလိုက်တယ်။ ဘာဖြစ်တယ်ဆိုရင်လည်း ပြည့်ပြည့်စုံစုံနဲ့ လာရောက်ဖမ်းဆီးစေချင်တယ်ပေါ့။ အခုတော့ လမ်းမှာ တွေ့လို့ ဆွဲသွားတယ်ဆိုတော့ သိပ်ပြီးတော့ အဓိပ္ပာယ် မရှိပေါ့ဗျာ” ဟု စိုင်းဌေးအောင်က ပြောသည်။

ကျားနီပါတီ မြို့နယ်ဥက္ကဋ္ဌ စိုင်းဘိုဘိုအောင် ဖမ်းဆီးခံရသည့် ကိစ္စနှင့် ပတ်သက်ပြီး နစက၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းထံ ဖုန်းဆက်သွယ် မေးမြန်းခဲ့ပေမယ့် ဖုန်းလက်ခံ ဖြေကြားခြင်း မရှိပေ။

ပြီးခဲ့သည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲ မဲဆွယ်ကာလမှာလည်း ဟုမ္မလင်းမြို့နယ် မိုင်းကိုင်းကျေးရွာအုပ်စု ပုံနွဲ့ကျေးရွာရှိ ကျားနီပါတီ၏ စည်းရုံးရေးမှူး ဦးမောင်သိန်းကို အောက်တိုဘာလ ၂၇ ရက် ညတွင် စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

“အဲတာလည်း ပြန်မလွတ်သေးဘူး၊ အဲတာကလည်း တပ်က သွားဖမ်းခဲ့တာပါ့လေ။ အခုလည်း လွတ်ဖို့ ကြိုးစား နေတာ။ သူ့ကို တရားစွဲထားတဲ့ အမှုကလည်း ခိုင်မာမှုက မရှိဘူး။ ကျနော်တို့လည်း တပ်ကို တရားပြန်စွဲထား တယ်။ ရဲစခန်းကလည်း လက်မခံဘူး။ တပ်ကို တရားစွဲတဲ့ ဥစ္စာကိုလေ။ သူ့ကို တရားစွဲထားတာ ခိုင်မာမှု မရှိတဲ့ အခါကြတော့ တရားလိုက အမှုရုပ်သိမ်းတယ်။ အမှုရုပ်သိမ်းတာကို ဥပဒေအရာရှိက လက်မခံဘူး ဖြစ်နေပြန် တယ်။ ဦးမောင်သိန်းလည်း အခုထိ မထွက်သေးဘူး သူလည်း” ဟု ကျားနီပါတီဥက္ကဋ္ဌ စိုင်းဌေးအောင်က ပြော သည်။

#စိုင်းဘိုဘိုအောင်

#ကျားနီပါတီ

#ခန္တီးမြို့နယ်

#ဖမ်းဆီးခံရ

#စစ်တပ်

#လူမှုကွန်ယက်

#CNImyanmar

#cninews