CNI News
၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၁၆ရက်
လာမည့် ဇူလိုင်လ ၁၉ ရက်နေ့တွင် (၇၄)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားအား နကစမှ ကိုဗစ် စည်းကမ်းများနှင့်အညီ ကျင်းပမည်ဖြစ်ပြီး ဖိတ်စာပေးပို့လာကြောင်း ဗိုလ်ချုပ်အောင်ဆန်း၏ မြေးဖြစ်သူ ဦးရဲအောင်သန်းက CNI သတင်းဌာနသို့ ပြောသည်။
ဗိုလ်ချုပ်အောင်ဆန်း၏ မြေးဖြစ်သူ ဦးရဲအောင်သန်းသည် ဗိုလ်ချုပ်အောင်ဆန်း၏ သားဖြစ်သူ ဦးအောင်ဆန်းဦး ကိုယ်စား အာဇာနည်နေ့ အခမ်းအနားသို့ တက်ရောက်နေသူဖြစ်ပြီး ယခုနှစ်လည်း တက်ရောက် ဂါရဝပြုမည်ဟု ပြောသည်။
ဗိုလ်ချုပ်အောင်ဆန်း၏ မြေးဖြစ်သူ ဦးရဲအောင်သန်းက “ရောက်ပြီခင်ဗျ။ တပတ်လောက်တော့ ရှိသွားပြီ။ ကိုဗစ် စည်းမျဉ်းစည်းကမ်းနဲ့ ဘယ်နှရောက်ပဲ တက်ရမယ်၊ဘာညာပေါ့။ ကျနော်ကတော့ ခါတိုင်းလိုလိုပဲ ကျနော် တစ် ယောက်ပဲ သွားနေကြဆိုတော့ တစ်ယောက်ပဲ သွားမယ်”ဟု ဆိုသည်။
ထိုအာဇာနည်နေ့ အခမ်းအနားသို့ ဒေါ်အောင်ဆန်းစုကြည် တက်ရောက် မရောက်အား ၎င်းအနေဖြင့် မသိ ကြောင်းလည်း ဆိုသည်။
လက်ရှိတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် နေပြည်တော် ဇမ္ဗူသီရိ မြို့နယ်တရားရုံးမှာ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု ဥပဒေဖြင့် ၂ မှု၊ ပို့ကုန်/သွင်းကုန်ဥပဒေ ပုဒ်မ ၈ ဖြင့် ၁ မှု၊ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၇ ဖြင့် ၁ မှု၊ နိုင်ငံတော် အကြည်အညို ပျက်စေမှု ပုဒ်မ ၅၀၅(ခ)ဖြင့် အမှုဖွင့် ဖမ်း ဆီး တရားစွဲခံ ထားရသည်။
ထို့ကြောင့် လာမည့် ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် (၇၄)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို ဒေါ်အောင်ဆန်းစုကြည် တက်ရောက် ရ/မရမှာ မသိရသေးသလို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကလည်း တက်ရောက်လိုခြင်း ရှိ/မရှိမှာ မသိရသေးပေ။
ယခင် ၁၉၉၀ ခုနှစ်က ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် ချခံခဲ့ရစဉ်ကတော့ အာဇာနည်နေ့ အခမ်းအနားကို စစ်တပ်က တက်ရောက်ခွင့် ပြုခဲ့ဖူးသည်။
#ဒေါ်အောင်ဆန်းစုကြည် #ဦးအောင်ဆန်းဦး #ဦးရဲအောင်သန်း #အာဇာနည်နေ့ #ဇူလိုင်လ၁၉ရက် #၇၄နှစ်မြောက် #ကိုဗစ်၁၉