CNI International News

ဘေကျင်း၊ ဖေဖော်ဝါရီ ၂၃

တရုတ်နိုင်ငံသည် စင်္ကာပူလေကြောင်းပြပွဲတွင် ၎င်း၏ Z-10 တိုက်ခိုက်ရေး ရဟတ်ယာဉ်ကို ပွဲထုတ်ပြသခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။ 

ထိုကဲ့သို့ ပြသမှုသည် Z-10 ရဟတ်ယာဉ်ကို တရုတ်နိုင်ငံပြင်ပတွင် ပထမဆုံးအကြိမ် ပြသခြင်းဖြစ်သည်။

တရုတ်၏ AVIC ကုမ္ပဏီမှ ထုတ်လုပ်ခဲ့သည့် Z-10 တိုက်ခိုက်ရေး ရဟတ်ယာဉ်သည် ယခုနှစ်အတွင်း အနောက် နိုင်ငံများ၏ ဒီဇိုင်းမျိုးမဟုတ်သည့် တစ်ခုတည်းသော တိုက်ခိုက်ရေး ရဟတ်ယာဉ်ဖြစ်သည်။

ထိုလေကြောင်းပြပွဲတွင် ရုရှားကာကွယ်ရေးကုမ္ပဏီများ ပါဝင်ခဲ့ခြင်းမရှိပေ။

အဆိုပါ Z-10 ရဟတ်ယာဉ်ကို ဝယ်ယူသည်ဟု သိရသည့် တစ်ခုတည်းသောနိုင်ငံမှာ ပါကစ္စတန်နိုင်ငံဖြစ်ပြီး ထိုလေကြောင်းပြပွဲတွင် အရောင်းပိတ်မည့် ဖေဖော်ဝါရီ ၂၃ ရက် မတိုင်မီ Z-10 ရဟတ်ယာဉ် ဝယ်ယူမှုများနှင့် ပတ်သက်ပြီး ကြေညာချက်များ မထွက်ပေါ်သေးပေ။

 နိုင်ငံတကာ မဟာဗျူဟာလေ့လာရေး အင်စတီကျု၏ ကျွမ်းကျင်သူ ဒေါက်ဂလပ်စ် ဘာရီကို တွေ့ရစဉ်

“Z-10 ရဟတ်ယာဉ်ဟာ အမေရိကန်ကာကွယ်ရေး နည်းပညာတွေကို မသုံးစွဲနိုင်တဲ့ နိုင်ငံအချို့အတွက် အစားထိုး အသုံးပြုနိုင်မယ့် ရဟတ်ယာဉ် အမျိုးအစား ဖြစ်လာပါလိမ့်မယ်” ဟု နိုင်ငံတကာ မဟာဗျူဟာလေ့လာရေး အင်စတီကျု၏ ကျွမ်းကျင်သူ ဒေါက်ဂလပ်စ် ဘာရီ (Douglas Barrie) က ပြောကြားခဲ့သည်။

“ဒါပေမယ့် ရဟတ်ယာဉ်တွေ ရောင်းချပြီးတဲ့နောက် ထောက်ပံ့ပို့ဆောင်ရေးနဲ့ ပြုပြင်ထိန်းသိမ်းရေး အပိုင်းမှာတော့ စိန်ခေါ်မှုရှိလာနိုင်ပါတယ်။ တရုတ်ဟာ အဲဒီနယ်ပယ်မှာ အတွေ့အကြုံ သိပ်မရှိသေးလို့ ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

ထိုအကြောင်းအရာနှင့်ပတ်သက်ပြီး စင်္ကာပူလေကြောင်းပြပွဲရှိ AVIC ၏ ကိုယ်စားလှယ်များကမူ မှတ်ချက်ပေးရန် ငြင်းဆိုခဲ့သည်။

လေကြောင်းပြပွဲတွင် Z-10 ရဟတ်ယာဉ်နှင့်အတူ ထိုရဟတ်ယာဉ်တွင် တပ်ဆင်အသုံးပြုနိုင်သည့် သေနတ်များ၊ ဒုံးကျည်များနှင့် ရော့ကတ်များကိုပါ ပြသထားခဲ့သည်။

 တရုတ်ထုတ် Z-10 တိုက်ခတ်ရေး ရဟတ်ယာဉ်ကို တွေ့ရစဉ်

စင်္ကာပူစစ်တပ်နှင့် အမေရိကန်၏ မဟာမိတ်နိုင်ငံများ အသုံးပြုနေသည့် Boeing ကုမ္ပဏီ၏ AH-64 Apache တိုက်ခိုက်ရေး ရဟတ်ယာဉ်နှင့် ကွာခြားမှု မရှိသည်ကို တွေ့ရမည်ဖြစ်သည်။

သို့သော် Z-10 ရဟတ်ယာဉ်သည် Apache ရဟတ်ယာဉ်၊ Airbus ကုမ္ပဏီ၏ Bell ရဟတ်ယာဉ်များ အပါအဝင် လေကြောင်းပြပွဲတွင် ပြသခဲ့သည့် တိုက်ခိုက်ရေး ရဟတ်ယာဉ်များနှင့် ယှဉ်နိုင်စွမ်း မရှိနိုင်ကြောင်း ကျွမ်းကျင်သူ များက ပြောကြားခဲ့သည်။

တရုတ်အစိုးရသည် Z-10 တိုက်ခိုက်ရေး ရဟတ်ယာဉ်၏ စွမ်းဆောင်ရည်နှင့် လုပ်နိုင်စွမ်းအားများကို လူသိရှင် ကြား ကြေညာခဲ့ခြင်း မရှိသော်လည်း တရုတ်နိုင်ငံပိုင် Global Times သတင်းစာကမူ Z-10 ရဟတ်ယာဉ်သည် ပျံသန်းမှုစွမ်းရည်၊ ပစ်ခတ်တိုက်ခိုက်မှုအပိုင်းနှင့် အကြမ်းခံနိုင်မှုတို့တွင် အလွန်ကောင်းမွန်ကြောင်း ဖော်ပြခဲ့သည်။

Source: ရိုက်တာ