CNI International News

ဝါရှင်တန်၊ ဖေဖော်ဝါရီ ၂၂

ရုရှားအတိုက်အခံခေါင်းဆောင် အလက်ဇီ နာဗာညီ (Alexei Navalny) သေဆုံးမှုနှင့်ပတ်သက်ပြီး အမေရိကန် သမ္မတဟောင်း ဒေါ်နယ်ထရမ့် (Donald Trump) ၏ တုန့်ပြန်မှုကို ဂျိုးဘိုင်ဒန် (Joe Biden)က ပြစ်တင်ဝေဖန် ခဲ့ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။

ထို့ပြင် ထရမ့်သည် အမေရိကန်ကို အဘယ်ကြောင့် အမြဲတမ်း အပြစ်တင် နေသနည်းဟုလည်း ဘိုင်ဒန်က မေးခွန်းထုတ်ခဲ့သည်။

ဖေဖော်ဝါရီ ၁၆ ရက်က နာဗာညီ သေဆုံးသည့်သတင်း ထွက်ပေါ်လာခဲ့ပြီးနောက် ဘိုင်ဒန်သည် ရုရှားသမ္မတ ဗလာဒီမာ ပူတင် (Vladimir Putin) ကို တိုက်ရိုက်ဝေဖန် ပြစ်တင်ခဲ့ပြီး ထရမ့်ကမူ ဖေဖော်ဝါရီ ၁၉ ရက် မတိုင်မီ အချိန်အထိ နာဗာညီသေဆုံးမှုအား ရေငုံနှုတ်ပိတ်နေခဲ့သည်။ 

ထရမ့်၏ လူမှုမီဒီယာတွင်လည်း နာဗာညီ သေဆုံးမှုအပေါ် အပြစ်တင်ခြင်း၊ ဝမ်းနည်းခြင်းတို့ ဖော်ပြခဲ့ခြင်းမရှိခဲ့ပေ။ 

သို့သော် ထရမ့်သည် အမေရိကန်တွင် ၎င်း၏ကိုယ်ရေးကိုယ်တာ တရားရေး အမှုအခင်းများနှင့် ရင်ဆိုင်နေရသဖြင့် နာဗာညီ၏ သေဆုံးမှုကို အာရုံမစိုက်နိုင်ခြင်း ဖြစ်နိုင်သည်ဟုလည်း သုံးသပ်ချက်များ ထွက်ပေါ်လျက်ရှိသည်။

ဘိုင်ဒန်ကို တွေ့ရစဉ်

“သမ္မတဟောင်း ထရမ့်နဲ့ အခြား ရီပတ်ဘလစ်ကန်တွေဟာ နာဗာညီ သေဆုံးမှုအတွက် ပူတင်မှာ တာဝန်ရှိတဲ့ အကြောင်းကို ပြောဖို့ ငြင်းဆိုနေကြပါတယ်။ အဲဒီအစား ထရမ့်ဟာ နာဗာညီရဲ့ သေဆုံးမှုကို အမေရိကန်နိုင်ငံ ဘယ်လောက် ဆိုးရွားနေလဲဆိုတာကို သူနားလည်တဲ့ ပုံစံမျိုးနဲ့ ပြောဆိုခဲ့ပါတယ်”ဟု ဘိုင်ဒန်က ပြောကြားခဲ့သည်။

“ထရမ့်က အမေရိကန်ကို ဆုတ်ယုတ်နေပြီး ကျရှုံးနိုင်ငံ ဖြစ်လာကြောင်း ပြောခဲ့ပါတယ်။ သူ့အနေနဲ့ ဘာလို့ အမေရိကန်ကိုပဲ အပြစ်တင် နေရတာလဲ။ နာဗာညီ သေဆုံးမှုမှာ ပူတင်က တာဝန်ရှိပါတယ်။ အဲဒါကို ထရမ့်က ဘာလို့မပြောခဲ့တာလဲ” ဟု ဘိုင်ဒန်က မေးခွန်းထုတ်ခဲ့သည်။

နာဗာညီ သေဆုံးမှုနှင့်ပတ်သက်ပြီး ရုရှားနိုင်ငံအပေါ် ပိတ်ဆို့မှုများ ချမှတ်မည်ဖြစ်ကြောင်း ဘိုင်ဒန်က ဖေဖော်ဝါရီ ၂၀ ရက်တွင် ကြေညာခဲ့သည်။ 

ထရမ့်ကမူ ဖေဖော်ဝါရီ ၂၀ ရက်က Fox News သတင်းဌာနနှင့် ပြုလုပ်သည့် အင်တာဗျူးတွင် နာဗာညီသည် ဖမ်းဆီးခံရမည်မှန်း သိလျက်နှင့် ရုရှားနိုင်ငံသို့ ပြန်လည် ဝင်ရောက်လာခဲ့ခြင်းသည် အလွန်သတ္တိရှိသူဖြစ်ကြောင်း၊ မည်သို့ပင်ဆိုစေ နာဗာညီအနေဖြင့် ပြည်ပတွင် နေထိုင်ပြီး အတိုက်အခံ ဆက်လုပ်လျင် ပိုမိုအလုပ်ဖြစ်လိမ့်မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။