ပြုံယမ်း၊ နိုဝင်ဘာ ၂
ပြုံယမ်းမှ ရုပ်တုများ၊ ပင်လယ်စာနှင့် အထည်လိပ်၊ သန့်စင်ပြီးရေနံတင်ပို့မှုများအပေါ် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီမှ ပိတ်ဆို့အရေးယူမှုများ ရုပ်သိမ်းပေးဖို့ တရုတ်နှင့်ရုရှားတို့က ၂၀၁၉ ခုနှစ် ကတည်းက ကြိုးပမ်းမှုကို ယခုတဖန် ပြန်လည်အသက်သွင်းလာကြောင်း ရိုက်တာသတင်းကို ကိုးကား၍ အယ်လ်ဂျာဇီးယားသတင်းဌာနက ရေးသားဖော်ပြသည်။
အဖွဲ့ဝင် ၁၅ ဦးပါ လုံခြုံရေးကောင်စီတွင် ပြုံယမ်းအပေါ် ချမှတ်ထားသော UN ၏ ပိတ်ဆို့အရေးယူ ဖယ်ရှား ပေးရေးအတွက် တရုတ်နှင့်ရုရှားတို့က လတ်တလော လိုလားနေကြကြောင်း၊ အထီးကျန်သည့် အာရှနိုင်ငံ တစ်နိုင်ငံဖြစ်သော မြောက်ကိုရီးယားတွင် အရပ်သားပြည်သူများ စားဝတ်နေရေး မြှင့်တင်ရန် ရည်ရွယ်ကြောင်း စသည်ဖြင့် ပြန်လည်ပြင်ဆင်ထားသော UN ဆုံးဖြတ်ချက်မူကြမ်းကို ရိုက်တာသတင်းဌာနက စုံစမ်းသိရှိခဲ့ရသည်။
မြောက်ကိုရီးယားသည် နျူးကလီးယားနှင့်ပဲ့ထိန်းဒုံးကျည်အစီအစဉ်များကြောင့် ၂၀၁၆ ခုနှစ်ကတည်းက ကုလ သမဂ္ဂ၏ပိတ်ဆို့အရေးယူများ ခံခဲ့ရသည်။
ပိတ်ဆို့မှုများ ပြန်လည်ရုပ်သိမ်းရေး လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်မူကြမ်းကို လွန်ခဲ့သည့် နှစ်နှစ်နီးပါးက ရုရှားနှင့်တရုတ်တို့က ပထမဆုံး အဆိုပြုခဲ့ကြခြင်းဖြစ်သည်။ ယင်းမူကြမ်းထဲတွင် အခြားအစီအမံများ အပါအဝင် ပြည်ပတွင် အလုပ်လုပ်နေသော မြောက်ကိုရီးယားလူမျိုးများအပေါ် တားမြစ်ချက်များ ရုပ်သိမ်းရေးနှင့် တောင်/မြောက်ကိုရီးယားနှစ်နိုင်ငံကြား ရထားလမ်းနှင့်ကားလမ်း ပူးပေါင်းဆောင်ရွက်ရေး ပိတ်ဆို့မှု ကင်း လွတ်ခွင့်ပေးရေးတို့လည်း ပါဝင်သည်။
၂၀၁၉ ခုနှစ်က အဆိုပါအင်အားကြီးနှစ်နိုင်ငံတို့က လုံခြုံရေးကောင်စီဆုံးဖြတ်မူကြမ်းအတွက် အလွတ်သဘော ဆွေးနွေးမှု နှစ်ကြိမ်ရှိခဲ့သော်လည်း လုံခြုံရေးကောင်စီထဲတွင် တရားဝင် မဲခွဲဆုံးဖြတ်ခြင်း မရှိခဲ့ပေ။
ယခုကာလတွင်တော့ တရုတ်နှင့်ရုရှားတို့သည် ၎င်းတို့ဆုံးဖြတ်ချက်မူကြမ်းအတွက် မည်သည့်ဆွေးနွေးပွဲမှ ထပ်မံ မစီစဉ်ရသေးကြောင်း UN ရှိ သံတမန်များက နိုဝင်ဘာ ၁ ရက်တွင် ပြောကြားခဲ့ကြသည်။
လုံခြုံရေးကောင်စီဆုံးဖြတ်ချက်တစ်ရပ်တွင် ထောက်ခံမဲ ၉ မဲ လိုအပ်ပြီး အမေရိကန်၊ ပြင်သစ်၊ ဗြိတိန်၊ ရုရှား (သို့မဟုတ်) တရုတ်စသည့် အမြဲတမ်းအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံက ဗီတိုအာဏာသုံးရန် မလိုအပ်ပေ။
ကောင်စီအဖွဲ့ဝင်နိုင်ငံများထံ အောက်တိုဘာ ၂၉ ရက်၌ ဖြန့်ဝေထားသော မူကြမ်းအသစ်နှင့်ပတ်သက်၍ သဘောထားမှတ်ချက်ပေးရန် တောင်းဆိုခဲ့သော်လည်း ရုရှားနှင့်တရုတ်ကိုယ်စားလှယ်များက လတ်တလော တုံ့ပြန်ဖြေကြားခြင်းမရှိပါ။
“လုံခြုံရေးကောင်စီအနေနဲ့ ချမှတ်ထားတဲ့ ပိတ်ဆို့ဒဏ်ခတ်မှုတွေကြောင့် ဖြစ်ပေါ်လာတဲ့ လူသားချင်း စာနာမှုဆိုင်ရာအတိုင်းအတာကို ဖြေရှင်းဖို့လည်း တရုတ်က အမြဲတမ်းဆန္ဒရှိပါတယ်” ဟု ကုလသမဂ္ဂဆိုင်ရာ တရုတ်သံအမတ်ကြီး ဇန်ဂျောင်က ယခင်လ၌ သတင်းထောက်များကို ပြောကြားခဲ့ပြီး ၂၀၁၉ ခုနှစ်ကတည်းက မြောက်ကိုရီးယားအရေး ဆုံးဖြတ်ချက်မူကြမ်းမှာ စားပွဲဝိုင်းပေါ်တွင်သာ ရှိသေးကြောင်း ဆိုသည်။