ဝါရှင်တန်၊ နိုဝင်ဘာ ၂
မြန်မာ့တပ်မတော်အနေဖြင့် နိုင်ငံရေးအကျဉ်းသားအားလုံး ပြန်လွှတ်ပေးရန်နှင့် အကြမ်းဖက်မှုအားလုံး ရပ်တန့်ရန် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နှင့် အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုတို့က တောင်းဆိုခဲ့ကြကြောင်း၊ စကော့တလန်ရှိ ဂလက်ဂိုး (Glasgow) တွင် ကျင်းပသည့် ကုလသမဂ္ဂရာသီဥတုဆိုင်ရာညီလာခံတက်ရောက်စဉ်အတွင်း ယင်းကဲ့သို့ တောင်းဆိုခဲ့သည်ဟု အယ်လ်ဂျာဇီးယားသတင်းဌာနက ဖော်ပြသည်။
မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှုအပေါ် ပြသလျက် မြန်မာ့တပ်မတော်၏အကြမ်းဖက်မှုများ ရပ်တန့်ရန်၊ နိုင်ငံရေးအကျဉ်သားအားလုံး ပြန်လွှတ်ပေးရန်နှင့် ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်တက်ရန် အဆိုပါ ခေါင်းဆောင်များ သဘောတူညီခဲ့ကြကြောင်း ထုတ်ဖော်ပြောကြားခဲ့ကြသည်ဟု အိမ်ဖြူတော်ထုတ်ပြန်ချက်အရ သိရသည်။
ပြီးခဲ့သည့်လက ကျင်းပသည့် အရှေ့တောင်အာရှနိုင်ငံများအသင်း(အာဆီယံ)ထိပ်သီးအစည်းအဝေး၌ မြန်မာ့ တပ်မတော်အပေါ် အာဆီယံ၏ရပ်တည်ချက်ကို ထောက်ခံကြောင်း ဘိုင်ဒန်က ပြောကြားခဲ့သည်။ အဆိုပါ ထိပ်သီးအစည်းအဝေးသို့ မြန်မာနိုင်ငံက မတက်ရောက်ခဲ့ပေ။
ပြီးခဲ့သည့်ဖေဖော်ဝါရီလက တပ်မတော်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံသည် သွေးထွက်သံယိုမှုနှင့် ပြည်တွင်း မငြိမ်သက်မှုအောက်တွင် နစ်မြှုပ်နေခဲ့ရသည်။
ဆန္ဒပြမှုတွင် ပါဝင်သူများမှာလည်း ရိုက်နှက်ဖမ်းဆီးမှုများနှင့် ရင်ဆိုင်နေရကြောင်း၊ အနည်းဆုံး ၁၃၁ ဦးအထိ အသက်သေဆုံးအထိ ညှင်းပန်းနှိပ်စက်ခံခဲ့ရကြောင်း အစီရင်ခံစာများအရ သိရသည်။
တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြား အကြမ်းဖက်မှုများ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး လူပေါင်း ထောင်နှင့်ချီ နိုင်ငံအတွင်း ရွှေ့ပြောင်းနေထိုင်ရခြင်း (သို့မဟုတ်) နယ်စပ်ဖြတ်ကျော်၍ ထိုင်းနိုင်ငံအတွင်းသို့ ဝင်ရောက်ရခြင်းတို့ ရှိခဲ့သည်။
နိုဝင်ဘာ ၁ ရက် အစောပိုင်း၌ မြန်မာနိုင်ငံအပေါ် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးနိုင်ရေး နည်းလမ်းတစ်ခုအဖြစ် ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ဟောင်း ဘီလ်ရစ်ချက်ဆင်က မြန်မာနိုင်ငံသို့ သွားရောက်မည့် သီးသန့်မစ်ရှင်ကိုလည်း ဘိုင်ဒန်အစိုးရက ကြိုဆိုခဲ့ကြောင်း အယ်လ်ဂျာဇီးယားသတင်းတွင် ဆက်လက်ဖော်ပြထားသည်။
၎င်း၏ခရီးစဉ်အတွက် ရစ်ချက်ဆင်က ပြင်ဆင်နေပြီး ကိုရိုနာဗိုင်းရပ်ကူးစက်ရောဂါနှင့် အခြားအရေးတကြီး လိုအပ်နေသည့်အကူအညီများအတွက် မြန်မာခေါင်းဆောင်များကို စည်းရုံးနိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောသည်။
“သူ့ခရီးစဉ်အတွက် အမေရိကန်အစိုးရ၏ ကမကထပြုမှု မပါပေမယ့် ဒီခရီးစဉ်ကနေ လူသားချင်းစာနာ ထောက်ထားမှု ပိုမိုကောင်းမွန်လာစေဖို့ အထောက်အကူဖြစ်စေမယ်လို့ မျှော်လင့်ထားပါတယ်။ မြန်မာနိုင်ငံမှာ လူသားချင်းစာနာမှုနဲ့ ကျန်းမာရေးလိုအပ်ချက်တွေ အထူးတလည် ရှိနေတုန်းပါ” ဟု အမေရိကန် နိုင်ငံခြား ရေးဝန်ကြီးဌာနက ဆိုသည်။
“အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့၊ ဖမ်းဆီးခံထားရသူတွေကို ပြန်လွှတ်ဖို့၊ လူသားချင်းစာနာမှုဆိုင်ရာ သွားလာခွင့် အကန့်အသတ်မထားဖို့နဲ့ လူသားချင်းစာနာမှုနဲ့ကျန်းမာရေးဝန်ထမ်းတွေရဲ့လုံခြုံရေးတွေကို အာမခံချက်ပေးဖို့ ကျနော်တို့ ဆက်လက်တောင်းဆိုထားပါတယ်” ဟု ၎င်းဝန်ကြီးဌာနက ထပ်လောင်းပြောကြားခဲ့သည်။