ကဘူးလ်၊ နိုဝင်ဘာ ၂
အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်း၌ အောက်တိုဘာ ၂၉ ရက်နေ့ ညပိုင်းက မင်္ဂလာဆောင်တစ်ခုတွင် တေးဂီတ တီးခတ် ဖျော်ဖြေမှု ပါဝင်၍ ဧည်သည့် ၃ ဦး ပစ်သတ်ခံခဲ့ရကြောင်း တာလီဘန်တို့၏ အဆိုအရ သိရသည်။
အဆိုပါ ပစ်သတ်ခံရသူများမှာ တာလီဘန် အဖွဲ့ဝင်ဟု သံသယရှိနေကြသူများ၏ လက်ချက်ဖြစ်ကြောင်း တာလီဘန် ပြောခွင့်ရသူ ဇဘီဟူလာမူဂျာဟစ်က အောက်တိုဘာ ၃၁ ရက်က ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲမှာ အတိအလင်း ပြောကြားခဲ့သည်ဟု စီအင်န်အင်န်က ရေးသားဖော်ပြသည်။
နန်ဂါဟာပြည်နယ်၊ ဆာကက်ရုတ်ခရိုင်တွင် ပြုလုပ်သော မင်္ဂလာဧည့်ခံပွဲသို့ အမည်မသိ သေနတ်သမားများ ဝင်ရောက် ပစ် ခတ်ခဲ့ခြင်းမှာ မှန်ကန်ကြောင်း ဇဘီဟူလာမူဂျာဟစ်က အတည်ပြုခဲ့သည်။ထိုပစ်ခတ်မှုတွင် အနည်းဆုံး လူ ၂ ဦးသေဆုံးပြီး ၁၀ ဦး ဒဏ်ရာရခဲ့ကြောင်း စီအင်န်အင်န်သို့ ဒေသခံ သတင်းထောက်တစ်ဦးက ပြောသည်။
တေးဂီတဖွင့်ခြင်းကြောင့် မည်သူ့ကိုမှ သတ်ဖြတ်ခွင့် မပေးထားကြောင်းနှင့် ယင်းဖြစ်စဉ်သည် ပုဂ္ဂိုလ်ရေးမုန်းတီးမှုကြောင့် ဟုတ်/မဟုတ် စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း တာလီဘန်ဘက်မှ ဆက်လက်ပြောကြားခဲ့သည်။
ပုံ-တာလီဘန် ပြောခွင့်ရသူ ဇဘီဟူလာမူဂျာဟစ်။
“ကျနော်တို့ အစ္စလာမစ် စော်ဘွားအဆင့်ကို ဘယ်သူ့ကမှ ဂီတနဲ့ရော၊ တခြားကိစ္စနဲ့ပါ ရောထွေးလှည့်စားလို့ မရဘူးဗျ။ သူတို့ ကို ဆွဲဆောင်စည်းရုံးဖို့ ကြိုးစားလေ့ရှိပါတယ်။ ဒါက အဓိကနည်းလမ်းပါပဲ”ဟု ဇဘီဟူလာမူဂျာဟစ်က သတင်းစာ ရှင်းလင်းပွဲ တွင် ပြောကြားခဲ့ကြောင်း အေအက်ဖ်ပီ သတင်းကို ကိုးကားလျက် စီအင်န်အင်န်က ဆက်လက်ဖော်ပြသည်။
တာလီဘန် အဖွဲ့ဝင်များဟု သံသယရှိသူများက အခင်းဖြစ်ပွားရာ မင်္ဂလာဆောင်တွင် ပစ်ခတ်ခြင်းမပြုမီ တေးဂီတရပ်နားရန် တောင်းဆိုခဲ့ကြောင်း တွစ်တာလူမှုကွန်ရက်တွင် ရေးသားလွှင့်တင်ခြင်းများရှိခဲ့သော်လည်း ထိုရေးသားလွှင့်တင်မှုများသည် ဟုတ်/မဟုတ် ဇဘီဟူလာမူဂျာဟစ်က အတည်မပြုခဲ့ပေ။
အခင်းဖြစ်ပွားမှုနှင့် ဆက်နွှယ်သူနှစ်ဦးကို ဖမ်းဆီးထားသော်လည်း တတိယတစ်ဦးမှာ ထွက်ပြေးလွတ်မြောက်နေကြောင်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။
မင်္ဂလာဆောင်များနှင့် အများပြည်သူဆိုင်ရာ အခြားပွဲလမ်းသဘင်များတွင် တေးဂီတဖွင့်ခြင်းကို တာလီဘန်တို့က မနှစ်မြို့ သော်လည်း ဩဂုတ်လ အာဏာရလာပြီးနောက် တားမြစ်မိန့် ထုတ်ပြန်ခဲ့ခြင်းမရှိပေ။
သို့သော် ဩဂုတ်လ အကုန်ပိုင်းက အာဖဂန်ကျေးလက် အဆိုတော် ဖာဝက်အန်ဒါရာဘီကို တာလီဘန်တို့က ၎င်းနေအိမ် အတွင်းမှ ဆွဲထုတ်ကာ သတ်ဖြတ်ခဲ့ပြီး နိုင်ငံအတွင်းရှိ အခြားဂီတပညာရှင်များလည်း ၎င်းတို့၏တူရိယာများ တီးမှုတ်ခြင်း မပြုရန် ဟန့်တားခဲ့ခြင်းများရှိကြောင်း စီအင်န်အင်န်က ဆိုသည်။
၁၉၉၆ ခုနှစ်မှ ၂၀၀၁ ခုနှစ်အတွင်း အာဖဂန်နစ္စတန်နိုင်ငံတွင် တာလီဘန်ပထမခေတ် အုပ်ချုပ်စဉ်ကလည်း ဂီတပုံစံ အများ စုကို အစ္စလာမ်ဘာသာနှင့် အကျုံးမဝင်ကြောင်း တားမြစ်မှုများ ရှိခဲ့သည်။