CNI International News
တိုကျို၊ နိုဝင်ဘာ ၁
ဂျိုကာပုံစံ ဝတ်ဆင်ထားသော အမျိုးသားတစ်ဦးသည် ဂျပန်နိုင်ငံ၊ တိုကျိုခရီးသည်တင် ရထားပေါ် မီးလောင်မှုမဖြစ်ပွားမီ အနည်းဆုံး ခရီးသည်တစ်ဦးကို ဓားဖြင့်ထိုးခဲ့ကြောင်း၊ ယင်းနောက် ၎င်းသည် ခရီးသည်အချို့ကို ဆက်တိုက် ဒဏ်ရာရစေခဲ့ သည်ဟု အေပီသတင်းဌာနက နိုဝင်ဘာ ၁ ရက်၌ ရေးသားဖော်ပြသည်။
အဆိုပါ တိုက်ခိုက်မှုကြောင့် ကြောက်လန့်တကြားဖြင့် ရထားပြတင်းပေါက်မှ ခုန်ချထွက်ပြေးခဲ့သူများ ရှိခဲ့ကြောင်း ရဲနှင့် မျက်မြင် သက်သေများ၏ အဆိုကို ကိုးကားလျက် အေပီသတင်းဌာနက ရေးသားဖော်ပြသည်။
ထိုဖြစ်စဉ်ကြောင့် ခရီးသည် ၁၇ ဦး ဒဏ်ရာရခဲ့ရာ ၃ ဦးမှာ ဒဏ်ရာ အလွန်ပြင်းထန်ပြီး တချို့ဒဏ်ရာရရှိသူများမှာ စိုးရိမ်စရာ မရှိကြောင်းနှင့် ဒဏ်ရာရသူ အားလုံးသည် ဓားဖြင့် အထိုးခံရခြင်းကြောင့် မဟုတ်ကြောင်း တိုကျိုမီးသတ်ဌာနက သတင်း ထုတ်ပြန်သည်။
ဓားဖြင့် တိုက်ခိုက်သူမှာ အသက် ၂၄ နှစ်အရွယ်ရှိ ကျိုတာဟက်တာရိုဟု ဖော်ထုတ်သိရှိရသည်။ အောက်တိုဘာ ၃၁ ရက် အခင်းဖြစ်ပွားပြီးနောက် ထိုနေရာမှာပဲ ၎င်းကို ဖမ်းဆီးနိုင်ခဲ့ကြောင်းနှင့် လူသတ်မှု သံသယဖြင့် စုံစမ်းစစ်ဆေးနေကြောင်း တိုကျိုမြို့တော်ရဲစခန်းက နိုဝင်ဘာ ၁ ရက်တွင် ပြောကြားခဲ့သည်။
တိုကျိုမြို့၊ ရှင်ဂျူကုဘူတာသို့ ဦးတည်သွားနေသော အမြန်ရထားပေါ်တွင် အဆိုပါ ဓားသမား လိုက်ပါစီးနင်းလာခဲ့ပြီး ၎င်းတွင် ပါလာသော ဓားတစ်ချောင်းကို ရုတ်တရက် ဆွဲထုတ်ကာ အသက် ၇၀ အရွယ် အမျိုးသားတစ်ဦး၏ ရင်ဝသို့ လျှပ်တစ်ပြက် ထိုးခဲ့ကြောင်း ရဲစခန်းက ဆက်လက်ပြောကြားသည်။
ပုံ-ရဲနဲ့မီးသတ်တပ်ဖွဲ့ကိုတွေ့ရစဉ်။(AP)
ထို့နောက် အခြား ခရီးသည် ၁၆ ဦး၏ ရရှိခဲ့သော ဒဏ်ရာများနှင့်ပတ်သက်၍ မှုခင်းဆိုင်ရာ စိစစ်နေဆဲဖြစ်ကြောင်း ရဲစခန်းက ရှင်းပြသည်။
ထိုအမှု ကျူးလွန်သည်ဟု သံသယရှိသူသည် ဓားဖြင့် တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် ရထားတွဲတစ်တွဲပေါ်တွင် ခြေထောက် တစ်ဖက်ချိတ်ကာ ဆေးလိပ်သောက်နေသည်ကို လူမှုကွန်ရက်ပေါ် မျက်မြင်သက်သေတစ်ဦး လွှင့်တင်ထားသော ဗီဒီယိုဖိုင် အရ တွေ့ရသည်။
အဆိုပါဖြစ်စဉ်သည် ကိုကာယိုဘူတာအနီး ကယ်အိုရထားပေါ်တွင် ဖြစ်ပွားခဲ့ကြောင်း တိုကျိုရဲတပ်ဖွဲ့မှ တာဝန်ရှိသူများက ပြောကြားခဲ့သည်။
ဂျပန်ပြည်တွင်း ရုပ်သံထုတ်လွှင့်မှု တစ်ခုတွင် မီးသတ်သမားများ၊ ရဲအရာရှိများနှင့် ကျန်းမာရေးဝန်ထမ်းများက ခရီးသည်များ ကို ကယ်ဆယ်နေပုံ၊ ခရီးသည်အချို့ ပြတင်းပေါက်မှ ထွက်ပြေးလွတ်မြောက်သွားပုံများ တွေ့ရသည်။
အဆိုပါ ဓားသမားသည် ဓားထိုးမှု ကျူးလွန်ပြီးနောက် ပလတ်စတစ် ပုလင်းတစ်လုံးထဲမှ ဆီနှင့်တူသော အရည်များကို လောင်းချ၍ ရထားတွဲအတွင်းရှိ ထိုင်ခုံများကို မီးရှို့ခဲ့သေးကြောင်း NHK ရုပ်သံလိုင်းက ထုတ်လွှင့်ခဲ့သည်။