စကုတ်ဂျီ (မြောက်မက်စီဒိုးနီးယား)၊ နိုဝင်ဘာ ၁

မြောက်မက်စီဒိုးနီးယားနိုင်ငံ၏ ဒေသန္တရရွေးကောက်ပွဲများတွင် လက်ရှိအာဏာရ ဆိုရှယ်ဒီမိုကရက်တစ် ယူနီယံ(SDU) ပါတီ ရှုံးနိမ့်သွားပြီးနောက် မိမိရာထူးမှ နှုတ်ထွက်ကြောင်း ဝန်ကြီးချုပ် ဇိုရန်ဇစ်ဗ်က ကြေညာခဲ့သည်ဟု အေပီသတင်းတစ်ပုဒ်တွင် တွေ့ရသည်။

“လတ်တလော ရွေးကောက်ပွဲ ရလဒ်တွေအရ ကျနော့်ရဲ့ ရာထူးတာဝန်တွေဖြစ်တဲ့ ဝန်ကြီးချုပ်အဖြစ်ကနေရော၊ ဆိုရှယ် ဒီမိုကရက်တစ်ယူနီယံပါတီ ခေါင်းဆောင်အဖြစ်ကပါ နှုတ် ထွက်လိုက်ပါပြီ”ဟု ပါတီဌာနချုပ်တွင် ကျင်းပသော သတင်းစာ ရှင်းလင်းပွဲ၌ ဇိုရန်ဇစ်ဗ်က ကြေညာခဲ့သည်။

ဒေသန္တရရွေးကောက်ပွဲများကနေ တရားဝင်မဲရလဒ်များ ထွက်ပေါ်လာခြင်း မရှိသေးသော်လည်း ဝန်ကြီးချုပ် ဇစ်ဗ်၏ ပါတီ သည် အရေးကြီးဆုံး ယှဉ်ပြိုင်မှုများဖြစ်သည့် မြို့တော် စကုတ်ဂျီ၏ မြို့တော်ဝန်ရာထူးအတွက် လက်ရှိမြို့တော်ဝန် ပီထရီ ရှီလီဂါ့ဗ်က ယှဉ်ပြိုင်အရွေးခံရာတွင် ဗဟိုလက်ယာ ကျောထောက်နောက်ခံ နိုင်ငံရေးသမားဖြစ်သည့် ဒနီလာအာဇိုစကာကို ရှုံးနိမ့်သွားခဲ့သည်။ သို့ဖြစ်၍ ဒနီလာအာဇိုစကာသည် မြို့တော်၏ပထမဆုံး အမျိုးသမီး မြို့တော်ဝန် ဖြစ်လာမည်ဖြစ်သည်။

ဗဟိုလက်ယာယိမ်းပါတီဖြစ်သည့် VMRO-DPMNE မှ အမည်စာရင်း တင်သွင်းထားသော ကိုယ်စားလှယ်လောင်းများသည် နိုင်ငံ၏ စည်ပင်သာယာရေးကော်မတီများတွင် ကိုယ်စား လှယ်နေရာ ထက်ဝက် အနည်းဆုံး အနိုင်ရရှိရန် ရည်မှန်းထားသော် လည်း ဆိုရှယ်ဒီမိုကရက်တစ်ယူနီယံပါတီမှ ကိုယ်စားလှယ်လောင်းများက နေရာ ၂၀ ခန့်သာနိုင်ရန် မျှော်မှန်း ထားပြီးဖြစ် သည်။

ပုံ-မြောက်မက်စီဒိုးနီးယားရွေးကောက်ပွဲ မဲထည့်နေစဉ်။(AP)

ပြီးခဲ့သည့် စည်ပင်ရွေးကောက်ပွဲများကို ပြန်ကြည့်လျှင် ၂၀၁၇ ခုနှစ်က ဆိုရှယ်ဒီမိုကရက်တစ် အမတ်များသည် ၅၇ နေရာ အနိုင်ရခဲ့ဖူးပြီး VMRO-DPMNE က ၅ နေရာသာ ရခဲ့ဖူး သည်။

တရားဝင် မဲရလဒ်များ နိုဝင်ဘာ ၁ ရက် (ယနေ့) နှောင်းပိုင်း ထွက်ပေါ်မည်ဟု မျှော်လင့်ထားသည်။

ဗဟိုလက်ယာယိမ်းပါတီဖြစ်သည့် VMRO-DPMNE ၏ ခေါင်းဆောင် ဟရစ်စတီဂျန်မိုက်ကိုစကီကတော့ လွှတ်တော် ရွေး ကောက်ပွဲများ စောစီးစွာ ကျင်းပပေးရန် တောင်းဆိုခဲ့သည်။

“အခုအုပ်ချုပ်နေတဲ့ ပါတီအတွက် တရားဝင် အသိအမှတ်ပြုတဲ့ အနေအထား ရောက်လာပြီ။ ဒါက လက်တွေ့ ဖြစ်ပေါ်မှု အသစ်ပဲ ဖြစ်ပါတယ်။ လက်ရှိ အကောင်းဆုံး နည်းကတော့ ရွေးကောက်ပွဲ စောစောစီးစီး ကျင်းပဖို့ပါပဲ” ဟု ဒေသန္တရ ရွေးကောက်ပွဲများတွင် အနိုင်ရကြောင်း ကြေညာပြီးနောက် VMRO-DPMNE ၏ ခေါင်းဆောင်က ပြောကြားခဲ့သည်။

မြောက်မက်စီဒိုးနီးယားနိုင်ငံ၏ ရွေးကောက်ပွဲကို ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လက ကျင်းပခဲ့ပြီး အသစ်ကျင်းပမည့် ရွေးကောက်ပွဲ ကို ၂၀၁၄ ခုနှစ်အထိ ကျင်းပရန် မလိုသေးပေ။ သို့သော် ယခုအခါ ထိုအရေးကိစ္စ အားလုံးသည် နိုင်ငံ၏လွှတ်တော်အပေါ် မူတည်လာပြီဖြစ်ကြောင်း အေပီက ဆက်လက် ရေးသားထားသည်။