၂၀၂၁ ခုနှစ်၊ နို၀င်ဘာ ၁

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် မြန်မာ့တပ်မတော်တို့အကြား အောက်တိုဘာလအတွင်း တိုက်ပွဲပေါင်း (၁၅) ကြိမ် ခန့် ဖြစ်ပွားခဲ့ပြီး တိုက်ပွဲအများစုမှာ KIA ဘက်မှ မိုင်းဆွဲတိုက်ခိုက်ခြင်းဖြစ်ကြောင်း KIA မှ ပြောခွင့်ရ ပုဂ္ဂိုလ် ဗိုလ်မှူးကြီး နော်ဘူက CNI သတင်းဌာနသို့ ပြောသည်။

အဆိုပါ တိုက်ပွဲအများစုမှာ တပ်မတော်၏ စစ်ယာဉ်တန်းနှင့် စစ်ကြောင်းများကို KIA မှ မိုင်းဆွဲတိုက်ခိုက်ခြင်း ဖြစ်ကြောင်း ၎င်းက ပြောသည်။

ဗိုလ်မှူးကြီး နော်ဘူက “တစ်ခုရှိတာက‌တော့ လီဒိုလမ်းပေါ် တနိုင်းဘက်မှာ နည်းနည်း ခပ်စိတ်စိတ်လောက် ရှိပါတယ်။ အကြိမ်အရေနဲ့ ပြောမယ်ဆိုရင်‌တော့ လေးငါးကြိမ်လောက်ရှိပါပြီ။ အောက်တိုဘာလမှာပေါ့နော်။ နောက် ရှမ်းမြောက်ဘက် ကတော့ ကျနော်တို့ တပ်မဟာ (၆) နယ်မြေဘက်မှာ အဲဘက်မှာလည်း သုံးလေးခါလောက် ရှိပါပြီ။ နောက်တစ်ခု ရှိတာက‌ တော့ တပ်မဟာ (၈) နယ်မြေ ကျ‌နော်တို့ရဲ့ အမှတ် (၅) တပ်ရင်း အုပ်ချုပ်ရေးနယ်မြေ ဘက်မှာလည်း သုံးလေးခေါက်‌တော့ ရှိပါပြီ။ တပ်မဟာ (၅) နယ်မြေမှာ ကျနော်တို့ KIA ဘက်ကနဲ့ မိုင်းဆွဲတိုက်ခိုက်တာတွေ ရှိတယ်။ ဆိုတော့ အကြိမ်နဲ့ ပြန်ခန့် မှန်း ပြောမယ်ဆိုရင်တော့ (၁၅) ကြိမ် ဝန်းကျင်လောက်တော့ ရှိလောက်ပါပြီ” ဟု CNI သတင်းဌာနသို့ ပြောသည်။

KIA တွင် တပ်မဟာ (၁၀) ခုရှိပြီး အောက်တိုဘာလအတွင်း တပ်မဟာ (၂) တနိုင်းဒေသ၊ တပ်မဟာ (၆) မုန်းကိုး (ရှမ်း မြောက်)၊ တပ်မဟာ (၈) အင်းတော်ကြီးဒေသနှင့် တပ်မဟာ (၅) KIA ဌာနချုပ် တည်ရှိရာ လိုင်ဇာတွင်လည်း တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း ၎င်းက ပြောသည်။

လက်ရှိ KIA နှင့် တပ်မတော်ကြား တိုက်ပွဲမှာ ဒေသကာကွယ်ရေးတပ် (PDF)နှင့် KIA တို့ ပူးတွဲတိုက်ခိုက်သည်ဟု သတိထား မိကြောင်း၊ တိုက်ပွဲများ ထင်သလောက်ဖြစ်မလာကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရဲထွန်းက ပြောသည်။

၎င်းက “ထင်သလောက် အများကြီး ဖြစ်မလာဘူးလို့ သတိထားမိတယ်။ အထူးသဖြင့်တော့ တရုတ်ကနေပြီးတော့ နယ်စပ် က EAO တွေ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေကို ဒီငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီးတော့ နိုင်ငံရေးနည်းနဲ့ ဖြေရှင်း ဖို့ ပြောလိုက်တဲ့အချိန်မှာ အဲလောက်အချိန်တုန်းက ကျနော်တို့က ခန့်မှန်းနေတာ အကြီးအကျယ် ဖြစ်တော့မယ်လို့ ခန့်မှန်း နေတာ။ အဲနောက်ပိုင်းမှာ ထင်သလောက် ဖြစ်မလာဘူး။ အထူးသဖြင့်တော့ အခုဖြစ်နေတဲ့ဟာတွေက PDF နဲ့ ပူးတွဲပြီးတော့ တိုက်ခိုက်တဲ့ တိုက်ပွဲတွေလို့ပဲ သတိထားမိတယ်”ဟု CNI သတင်းဌာနသို့ ပြောသည်။

ပုံ- ၂၀၁၃ ခုနှစ်က KIA နဲ့ တပ်မတော် ငြိမ်းချမ်းရေးဆွေးနွေးစဉ် ဗိုလ်ချုပ် ဂွမ်မော်နဲ့ ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုး (လက်ရှိ အငြိမ်းစား)ကိုတွေ့ရစဉ်

ပြောက်ကျားစစ်ပွဲ ဆင်နွှဲနေသည့် ကာလမှာ သတင်းဆက်သွယ်ရေး အလျင်အမြန် ရရှိသည့်ဘက်မှ အားသာမှု ရရှိသည့် အတွက် လူထုအခြေခံကောင်းသော ဒေသများတွင် အခြေပြုထားသည့် လက်နက်ကိုင် အဖွဲ့အစည်းများက ပိုပြီး အသာ ရနိုင်ကြောင်း ဦးရဲထွန်းက ဆိုသည်။

အောက်တိုဘာလအတွင်း KIA နှင့် တပ်မ‌တော်တို့ကြား ဖြစ်ပွားသည့်တိုက်ပွဲများမှာ မိုင်းဆွဲတိုက်ခိုက်မှု အများဆုံး ဖြစ်သည့် အတွက် ထိခိုက်ကျဆုံးမှုများရှိကြောင်း၊ သို့သော် စာရင်း အတိအကျ မသိရှိရကြောင်း ဗိုလ်မှူးကြီး နော်ဘူက ပြောသည်။

 

၎င်းက “အောက်ခြေက ဘာမှ တင်ပြလာတာ မရှိပါဘူး။ KIA ဘက်က‌တော့ ကျနော်တို့က မိုင်းဆွဲတိုက်ခိုက် တာတွေ များ တာပေါ့။ သိပ်ပြီးတော့ ကျနော်တို့ဆီမှာ ကျဆုံးတာတော့ မရှိပါဘူး။ သူတို့ကိုပဲ သူတို့အနေနဲ့ စောင့်ပြီးတော့ တိုက်ခိုက် တယ်ဆိုတော့ သေချာတာပေါ့။ ဒါပေမယ့် ဘယ်နှစ်ဦး၊ ဘယ်နှစ်ယောက်ဆိုတာကိုတော့ ကျနော်လည်း ဘာမှ ခန့်မှန်းပြောလို့ မရဘူး။ ကျနော်တို့ ဒေတာတွေကို မီဒီယာမှာလည်း သိပ်မသုံးပါဘူး”ဟု ပြောသည်။

KIA/KIO ဗဟိုကော်မတီကတော့ စစ်ပွဲကြီးများ ဖြစ်လာပါက တိုင်းပြည်နစ်နာကြောင်း၊ စစ်ပွဲကိုရှောင်ပြီး နိုင်ငံရေးပြဿနာ များကို တွေ့ဆုံ ဆွေးနွေး ဖြေရှင်းကြရန် သြဂုတ် ၂၄ ရက်က ထုတ်ပြန် တိုက်တွန်းထားသည်။

ယခင် ၂၀၁၁ ခုနှစ်၊ ဇွန် ၉ ရက်မှ ဒီဇင်ဘာ ၃၁ ရက်ထိ KIA နှင့် တပ်မတော်ကြား တိုက်ပွဲပေါင်း ၆၆၃ ကြိမ်ဖြစ်ပွားခဲ့သလို ၂၀၁၂ ခုနှစ်မှာ ၈၇၉ ကြိမ်၊ ၂၀၁၃ ခုနှစ်၌ ၂၂၄ ကြိမ်၊ ၂၀၁၄ ခုနှစ်တွင် ၁၅၅ ကြိမ်၊ ၂၀၁၅ ခုနှစ်မှာ ၆၃၄ ကြိမ်၊ ၂၀၁၆ ခုနှစ်မှာ ၇၄၀ ကြိမ်၊ ၂၀၁၇ ခုနှစ်မှာ ၃၆၁ ကြိမ်၊ ၂၀၁၈ ခုနှစ် အောက်တိုဘာ ၁၅ ရက်ထိ ၂၄၅ ကြိမ် စုစုပေါင်း တိုက်ပွဲပေါင်း ၃၉၀၀ ကျော် ဖြစ်ပွားခဲ့သည်ဟု ၂၀၁၈ ခုနှစ်၊ အောက်တိုဘာ ၁၆ ရက်က KIA မှ သတင်းထုတ်ပြန်ထားကြောင်း နိုင်ငံရေးလေ့လာ သုံးသပ်သူ ဦးမောင်မောင်စိုးက ရေးသားဖော်ပြထားသည်။

ထို့နောက် ၂၀၁၉ ခုနှစ်နှင့် ၂၀၂၀ ခုနှစ်အတွင်း တိုက်ပွဲဖြစ်ပွားမှု မရှိသလောက် နည်းပါးခဲ့ပြီး ၂၀၂၀ ခုနှစ်၊မတ်လမှစတင်၍ ၂၀၂၁ ခုနှစ်၊အောက်တိုဘာ ၂၉ ရက်ထိ တိုက်ပွဲများ ပြင်း ထန်စွာပြန်လည်ဖြစ်ပွားခဲ့သည်ဟုလည်း ၎င်းက ရေးသားထားပါ သည်။