အစ္စလာမ္မာဘတ်၊ နိုဝင်ဘာ ၁
ပါကစ္စတန်အစိုးရသည် ဥပဒေပြင်ပရှိ လက်ယာအစွန်းဝါဒီ တီဟရက်အီလက်ဘိတ်ပါကစ္စတန် (TLP) ပါတီနှင့် သဘောတူညီချက်တစ်ရပ် ရယူလိုက်ခြင်းဖြင့် ၁၀ ရက်ကြာ ပြင်းထန်ခဲ့သည့် ဆန္ဒပြမှုများကို အဆုံးသတ် ခဲ့ကြောင်း အယ်လ်ဂျာဇီးယားသတင်းဝက်ဘ်ဆိုက်က ရေးသားဖော်ပြသည်။
အဆိုပါသဘောတူညီချက်ထွက်ပေါ်ရေး ဆွေးနွေးပွဲတွင် နိုင်ငံခြားရေးဝန်ကြီး ရှားမာမွတ်ကွာရက်ရှီနှင့် ဘာသာရေးခေါင်းဆောင် မူဖတီမူနီဘာရက်မန်းတို့ ပါဝင်ခဲ့ကြသော်လည်း သ ဘောတူညီချက် အသေးစိတ် အချက်အလက်များကို အစ္စလာမ္မာဘတ်မြို့တော်တွင် အောက်တိုဘာ ၃၁ ရက်က ကျင်းပသည့် သတင်းစာ ရှင်းလင်းပွဲ၌ ထုတ်ဖော်ပြောကြားခဲ့ခြင်း မရှိပေ။
“သဘောတူညီချက်အသေးစိတ်နဲ့ အပြုသဘောဆောင်တဲ့ရလဒ်တွေကို အခုတစ်ပတ်အတွင်း နိုင်ငံ့မျက်နှာစာ ထွက်ပေါ်လာမှာပါ” ဟု TLP ပါတီခေါင်းဆောင် ဆာအိရစ်ဇ်ဘီ၏ ထောက်ခံချက်ရရှိထားသူ ဘာသာရေး ခေါင်းဆောင် ဘာရက်မန်းက ပြောကြားခဲ့သည်။
ထောင်နှင့်ချီသော TLP ပါတီထောက်ခံသူများသည် ၎င်းတို့ပါတီခေါင်းဆောင် ဆာအိရစ်ဇ်ဘီကို ပြန်လွှတ်ပေးရေး အတွက် လာဟိုးမြို့မှ အစ္စလာမ္မာဘတ်မြို့တော်သို့ အောက်တိုဘာ ၂၂ ရက်က ချီတက်ဆန္ဒပြခဲ့ကြသည်။ ရစ်ဇ်ဘီ သည် ပြင်သစ်ဆန့်ကျင်ဆန္ဒပြရေး အထမြောက်အောင် လှုံ့ဆော်မှုဖြင့် ယမန်နှစ်က ပါကစ္စတန်အစိုးရ၏ ဖမ်းဆီး ခြင်းခံရသူဖြစ်သည်။
ယမန်နှစ် ၂၀၂၀ ပြည့်နှစ်က ပြင်သစ်သရော်စာမဂ္ဂဇင်းတစ်စောင်ဖြစ်သည့် ချာလီဟက်ဒို (Charlie Hebdo) တွင် တမန်တော်မိုဟာမက်ကို ရုပ်ပြောင်အဖြစ် သရော်ခဲ့မှုအတွက် ပြင်သစ်သံအမတ်ကို ပါကစ္စတန်နိုင်ငံမှ နှင်ထုတ်ရန် တောင်းဆိုဆန္ဒပြမှုများ ရှိခဲ့သည်။
ယခုနှစ် အောက်တိုဘာအကုန်ပိုင်းဖြစ်ပွားခဲ့သော ဆန္ဒပြသူများ မြို့တော်ဘက်သို့ မရောက်လာစေရေးအတွက် ပါကစ္စတန်အထူးတပ်ဖွဲ့များကို ဖြန့်ကြက်ထားသည်။ ချီတက်ဆန္ဒပြသူမှုတွင် ပါဝင်သူများနှင့် ရဲတပ်ဖွဲ့ဝင်များ လာဟိုးနှင့် အစ္စလာမ္မာဘတ်လမ်းကြောင်းတလျှောက် မကြာခဏ ထိပ်တိုက်တွေ့ခဲ့ကြရာ အနည်းဆုံး ရဲ ၇ ဦးနှင့် ဆန္ဒပြသူ ၄ ဦးသေဆုံးပြီး အများအပြားဒဏ်ရာရခဲ့ကြသည်။
ပြင်သစ်သံရုံး ပိတ်ရေးနှင့် ပြင်သစ်သံအမတ်နှင်ထုတ်ရေးတို့အတွက် TLP ပါတီဦးဆောင်၍ တောင်းဆိုချက်များကို ဝန်ကြီးချုပ် အီမရန်ခမ်းအစိုးရက ပယ်ချလိုက်ပြီးနောက် တစ်ရက်အကြာတွင် ယခုကဲ့သို့ အကြမ်းဖက်မှု အဓိကရုဏ်းများ ဆက်တိုက်ဖြစ်ပွားခဲ့သည်။
လတ်တလော ဆန္ဒပြမှုအဆုံးသတ်ရေးညှိနှိုင်းမှုမှာ အောက်တိုဘာအကုန်ပိုင်း၌ ညဉ့်နက်အချိန်ကတည်းက စတင်ခဲ့ရာ စုစုပေါင်းကြာချိန် ၁၂ နာရီခန့်ရှိသည်ဟု အယ်လ်ဂျာဇီးယားသတင်းထောက် ကာမယ်ဟိုက်ဒါက သတင်းပေးပို့ထားသည်။
“အခု ဆန္ဒပြမှုမှာ ဒေါ်လာသန်းနဲ့ချီပြီး ဆုံးရှုံးခဲ့ပါတယ်” ဟု သတင်းထောက်ကာမယ်ဟိုက်ဒါက ပြောသည်။ ပါကစ္စတန်၏အစည်ကားဆုံး အဝေးပြေးလမ်းတလျှောက် ဖြစ်ပွားခဲ့သည့် ဆန္ဒပြမှုများကြောင့် စီးပွားရေး ထိခိုက်ခဲ့ရာတွင် ကုန်ပစ္စည်းများကို အုပ်စုဖွဲ့ လူအင်အားသုံး၍ လုယက်ပြီး လမ်းပိတ်ဆို့ရာတွင် အသုံးပြု ခဲ့ခြင်းလည်း အပါအဝင်ဖြစ်သည်။
“အစ္စလာမ္မာဘတ်မြို့တော်နေ ပြည်သူတွေတော့ သက်သာရသွားပါပြီ။ လူတိုင်းက အခုသဘောတူညီချက်ကို ဘယ်လိုအကောင်အထည်ဖော်မလဲဆိုတာ မျှော်နေကြပါတယ်” ဟု အယ်လ်ဂျာဇီးယားသတင်းထောက်က သတင်းပေးပို့ထားသည်။