CNI International News

တိုကျို၊နိုဝင်ဘာ ၁

မကြာသေးမီက ဂျပန်ဝန်ကြီးချုပ်ဖြစ်လာခဲ့သည့် ဖူမီယိုကီရှီဒါသည် ပြည်တွင်းရှိ ဓနဥစ္စာများကို အရင်းရှင် စနစ်သစ် (New Capitalism) အဖြစ် ခွဲခြမ်းစိတ်ဖြာမည့် ၎င်း၏အစီအစဉ်ကို ချပြလိုက်ပြီဖြစ်ကြောင်း ဘီဘီစီ အင်္ဂလိပ်ပိုင်းဝက်ဘ်ဆိုက်က နိုဝင်ဘာ ၁ ရက်(ယနေ့)တွင် ရေးသားဖော်ပြသည်။

သို့သော် ကီရှီဒါ၏အစီအစဉ်သစ်သည် ဆိုရှယ်လစ်ဝါဒနှင့် ပိုတူကြောင်း နိုင်ငံရေးအကဲခတ်သမားအချို့က လူမှု ကွန်ရက်မီဒီယာများတွင် ဝေဖန်နေကြပြီး တရုတ်ကွန်မြူနစ်ပါတီ၏ အဓိကမူဝါဒကို ရည်ညွှန်းသည့် ဂျပန်၏ ဘုံကြွယ်ဝမှု (Common Prosperity) ဟုပင် သုံးနှုန်းနေကြသည်။

“အရင်းရှင်စနစ် ဘယ်လိုလည်ပတ်တယ်ဆိုတာ သူတောင် နားလည်လို့လား” ဟု ဝန်ကြီးချုပ်သစ်ကို ဦးတည် လျက် ဂျပန်နိုင်ငံရှိ အွန်လိုင်းရောင်းဝယ်ရေးလုပ်ငန်း ရကူတန် (Rakuten) ၏ အမှုဆောင်အရာရှိချုပ် ဟီရို ရှီမီကီတာနီက တွစ်တာလူမှုကွန်ရက်တွင် ရေးသားလွှင့်တင်ခဲ့သည်။

မစ္စတာဟီရိုရှီမီကီတာနီသည် အရင်းအနှီးအမြတ်ခွန် (CGT) တိုးမြှင့်ရန် ကီရှီဒါ၏အဆိုပြုချက်ကို ဒေါသ ထွက်နေသူဖြစ်သည်။ ရင်းနှီးမြှုပ်နှံမှုများမှ ရရှိသော အမြတ်အစွန်းများကို အစိုးရက အခွန်စည်းကြပ်ခြင်းကို အခွန်နှစ်ဆကောက်ခံခြင်းဟု စီးပွားရေးပညာနယ်ပယ်၌ ခေါ်သည်။

ရကူတန်လုပ်ငန်းရှင်သည် ကီရှီဒါ၏ အငြင်းပွားဖွယ်ရာ အဆိုပြုချက်အသစ်ကို မနှစ်မြို့ကြောင်း ထုတ်ဖော် ပြောဆိုရာ၌ သူတစ်ယောက်တည်းမဟုတ်ဘဲ တခြားလက်လီရင်းနှီးမြှုပ်နှံသူများထံမှ မကြာသေးမီက စတော့ ဈေးကွက်ထဲ အသစ်(အသစ်)စိတ်ဝင်စားမှုလှိုင်းလုံးတစ်ခုကို အဆောတလျင် ချေမှုန်းပစ်မည့်အရေး စိုးရိမ် နေသူများလည်း ရှိသည်။

ဂျပန်နိုင်ငံတွင် ဝန်ကြီးချုပ်အသစ်တစ်ဦးအတွက် ရွေးကောက်ပွဲကို အစဉ်အလာအားဖြင့် စတော့ရှယ်ယာ ဈေးကွက်နှင့် ချိန်ညှိ၍ စတင်ကျင်းပလေ့ရှိသော်လည်း ယခုနှစ် အောက်တို ဘာ၌ ဝန်ကြီးချုပ်သစ် မစ္စတာ ကီရှီဒါက အရင်ရောက်လာခဲ့သည်။ အောက်လွှတ်တော်ရွေးကောက်ပွဲကို ၎င်းရာထူးလက်ခံပြီးနောက် ဆက်လက် ကျင်းပခဲ့ရာ စတော့ဈေးကွက် ညွှန်းကိန်း Nikkei 225 မှာ ထိုးဆင်းသွားခဲ့သည်။

ယင်းဈေးကွက်ညွှန်းကိန်းသည် ၈ ရက်ဆက်တိုက် ကျဆင်းသွားပြီး ယခုအခါ ကီရှီဒါရှော့ခ် (Kishida Shock) ဟု တံဆိပ်ကပ်လာကြသည့် ကျဆင်းမှုတစ်ခုအဖြစ် သတိပြုမိလာကြသည်။

ထိုကျဆင်းမှုကို တုံ့ပြန်သည့်အနေဖြင့် မစ္စတာကီရှီဒါသည် ၎င်း၏ CGT အဆိုပြုချက်ကို အဆောတလျင် နောက်ဆုတ်ပေးခဲ့ပြီး ယခုလတ်တလော၌ အရင်းအနှီးမြတ်စွန်းမှုနှင့် အမြတ်ဝေစုများအပေါ် အစိုးရက အခွန်ကောက်ခံရန် အပြောင်းအလဲလုပ်တော့မည်မဟုတ်ကြောင်း ထုတ်ဖော်ခဲ့သည်။

ယင်းသို့ နောက်ကြောင်းပြန်လှည့်သည့် စီးပွားရေးမူဝါဒပုံစံသည် သူ့အရှေ့က ဝန်ကြီးချုပ်ဟောင်းများဖြစ်ကြသော ယိုရှီဟိုက်စူဂါနှင့် ရှင်ဇိုအာဘေးတို့ ချဉ်းကပ်ပုံနှင့် ယခု မစ္စတာကီရှီဒါ ချဉ်းကပ်ပုံတော့ များစွာခြားနားနေပြီ ဖြစ်ကြောင်း ဘီဘီစီ အင်္ဂလိပ်ပိုင်းဝက်ဘ်ဆိုက်က ဖော်ပြထားသည်။