CNI International News

မော်စကို၊ အောက်တိုဘာ ၃၁

ရုရှားနိုင်ငံ၊ ဒါဂျက်စတန် (Dagestan) ဒေသရှိ အဓိက လေဆိပ်တစ်ခုကို အောက်တိုဘာ ၃၀ ရက်တွင် ဂျူး ဆန့်ကျင်သူများက ဝင်ရောက်စီးနင်းခဲ့ပြီး လေဆိပ်အတွင်းရှိ လေယာဉ်ကွင်းထဲသို့ ဝင်ရောက်ခဲ့ကြသည်ဟု အေပီမှ ဖော်ပြခဲ့သည်။ 

အစ္စရေးနိုင်ငံ၏ တဲလ်အဗစ် (Tel aviv) မြို့မှ ပျံသန်းထွက်ခွာလာသည့် လေယာဉ်တစ်စင်းသည် ထိုလေဆိပ်သို့ ရောက်ရှိလာခဲ့ချိန်တွင် ဂျူးဆန့်ကျင်သူများက လေဆိပ်ကို ဝင်ရောက်စီးနင်းခဲ့ခြင်း ဖြစ်သည်ဟု ရုရှားသတင်း အေဂျင်စီများနှင့် လူမှုမီဒီယာများက ဖော်ပြခဲ့သည်။

ဆူပူအုံကြွသူများသည် လေယာဉ် ဘေးပတ်ပတ်လည်ကို ဝိုင်းထားခဲ့သည်။ ထိုလေယာဉ်ကို ရုရှား၏ Red Wings လေကြောင်းလိုင်းက ပိုင်ဆိုင်ကြောင်း သတင်းများတွင် ဖော်ပြခဲ့သည်။

အာဏာပိုင်များသည် မွတ်ဆလင် ဘာသာဝင်များ လွှမ်းမိုးထားသည့် ဒါဂျက်စတန်ဒေသ၏ မြို့တော် မက်ခါချက လာ (Makhachkala) ရှိ လေဆိပ်ကို ပိတ်ခဲ့ပြီးနောက် ဆူပူအုံကြွသူများကို လူစုခွဲခဲ့ရသည်။

ရုရှား လေဆိပ်ကို ဂျူးဆန့်ကျင်သူများ စီးနင်းထားစဉ်

ထိုဖြစ်စဉ်အတွင်း ဒဏ်ရာရရှိသူ ၂၀ ကျော်ရှိပြီး ၂ ဦးသည် ပြင်းထန်ဒဏ်ရာများ ရရှိခဲ့သည်ဟု ဒါဂျက်စတန် ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။ ဒဏ်ရာရရှိသူများထဲတွင် ရဲအရာရှိများနှင့် အရပ်သားများ ပါဝင် သည်ဟု ဆိုသည်။

ထိုဆူပူအုံကြွမှုနှင့်ပတ်သက်ပြီး လူပေါင်း ၆၀ ခန့်ကို ဖမ်းဆီးထိန်းသိမ်းခဲ့သည်ဟု ဒါဂျက်စတန်ဒေသ၏ ပြည်ထဲ ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။ 

ဖမ်းဆီးထိန်းသိမ်း ခံထားရသူများကို ပြစ်မှုဆိုင်ရာ စွဲချက်တင်ရန် ရှိ/မရှိ ရှင်းလင်းစွာ မသိရသေးပေ။

လူမှုမီဒီယာများပေါ်တွင် ပျံ့နှံ့ခဲ့သည့် ဗွီဒီယိုဖိုင်များ၌ ဆူပူအုံကြွသူများသည် ပါလက်စတိုင်း အလံများကို ဝှေ့ယမ်း ခဲ့ပြီး အချို့က ရဲကားတစ်စင်းကို လူအင်အားဖြင့်် ဝိုင်းမ၍ ပက်လက်လှန်ရန် ကြိုးပမ်းနေပုံများကို မြင်တွေ့ရသည်။ 

ရုရှား လေဆိပ်ကို ဂျူးဆန့်ကျင်သူများ စီးနင်းထားစဉ်

ရုရှား တရားဥပဒေစိုးမိုးရေး အာဏာပိုင်များအနေဖြင့် အစ္စရေးနိုင်ငံသား အားလုံးနှင့် ဂျူးလူမျိုးအားလုံး၏ လုံခြုံရေးကို ကာကွယ်ပေးရန် မျှော်လင့်ကြောင်း အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု (Benjamin Netanyahu) ၏ ရုံးက ထုတ်ပြန်ခဲ့သည်။

ထို့ပြင် အစ္စရေးနိုင်ငံသားများနှင့် ဂျူးလူမျိုးများကို ဘေးကင်းလုံခြုံစွာရှိစေရန် ရုရှားနှင့် ပူးပေါင်း ဆောင်ရွက် နေသည်ဟုလည်း ရုရှားနိုင်ငံဆိုင်ရာ အစ္စရေး သံအမတ်က ပြောကြားခဲ့သည်။

Source: အေပီ