CNI International News

ဘေဂျင်း၊ အောက်တိုဘာ ၃၁

ရုရှားနှင့် တရုတ်အကြား စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုသည် ကြီးမားသည့် အလားအလာရှိပြီး အကျိုးဖြစ် ထွန်းသည့် ရလဒ်များ ထွက်ပေါ်ခဲ့ကြောင်း တရုတ်၏ ဗဟိုစစ်ကော်မရှင် ကျန်းယူရှား (Zhang YouXia) က ဘေဂျင်းမြို့တော်တွင် ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂျေ ရွိူင်ဂူ (Sergey Shoigu) နှင့် ပြုလုပ်သည့် ဆွေးနွေးပွဲ အတွင်း ပြောကြားခဲ့သည်ဟု တာ့စ်သတင်းဌာနမှ ဖော်ပြခဲ့သည်။

"နှစ်နိုင်ငံ ခေါင်းဆောင်တွေရဲ့ မဟာဗျူဟာမြောက် လမ်းညွှန်မှုအောက်မှာ ရုရှား-တရုတ် ဆက်ဆံရေးတွေဟာ မြင့်မားတဲ့ အဆင့်ကို ရောက်ရှိခဲ့ပြီး နှစ်နိုင်ငံ စစ်တပ်အကြား ဆက်ဆံရေးတွေဟာလည်း ခိုင်မာစွာ ဖွံ့ဖြိုးတိုးတက် ခဲ့သလို နယ်ပယ်အားလုံးမှာ ထိတွေ့ဆက်ဆံမှုတွေဟာ အကျိုးရှိတဲ့ ရလဒ်တွေကို ထွက်ပေါ်ခဲ့ပါတယ်" ဟု တရုတ် ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

အဆိုပါ တွေ့ဆုံဆွေးနွေးမှုအတွင်း ကျန်းက ၂၀၁၂ ခုနှစ်က ရွိူင်ဂူနှင့် ပထမဆုံးအကြိမ် တွေ့ဆုံခဲ့သည့် အစည်းအဝေး အကြောင်းကိုလည်း ပြန်လည် ပြောကြားခဲ့သည်။ 

တရုတ်၏ ဗဟိုစစ်ကော်မရှင် ကျန်းယူရှားနဲ့ ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂျေ ရွိူင်ဂူကို တွေ့ရစဉ်

ထို့ပြင် စစ်ရေး နယ်ပယ်တွင် တရုတ်နှင့် ရုရှား၏ ရပ်တည်ချက်များ တူညီမှုသည် နှစ်နိုင်ငံအကြား ပူးပေါင်း ဆောင်ရွက်မှုများကို ပိုမိုတိုးတက်စေခဲ့သည်ဟုလည်း ကျန်းက ပြောသည်။

ရွိူင်ဂူသည် အောက်တိုဘာ ၂၉ ရက်က စတင်ပြုလုပ်ခဲ့သည့် (၁၀)ကြိမ်မြောက် ရှောင်းရှန်းလုံခြုံရေးဖိုရမ် (10th Xiangshan Security Forum) ကို တက်ရောက်ရန်အတွက် ရုရှားကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ပြီး ဘေဂျင်းသို့ ရောက်ရှိနေခြင်း ဖြစ်သည်။

ထိုလုံခြုံရေးဖိုရမ်ကို အောက်တိုဘာ ၃၁ ရက်အထိ ကျင်းပမည်ဖြစ်ပြီး ရုရှား၊ အီရန်၊ ဆော်ဒီနှင့် အမေရိကန် အပါအဝင် နိုင်ငံပေါင်း ၉၀ ကျော်မှ အစိုးရကိုယ်စားလှယ်အဖွဲ့များ၊ သံတမန်များနှင့် ပညာရှင်များ တက်ရောက်ခဲ့ သည်။ 

ဖိုရမ်ကို တက်ရောက်သူများအနက် သုံးပုံတစ်ပုံသည် ကာကွယ်ရေးဝန်ကြီးများနှင့် ကာကွယ်ရေး ဦးစီးချုပ်များကို ကိုယ်စားပြုသည့် ကိုယ်စားလှယ်အဖွဲ့များ ဖြစ်သည်။

Source: တာ့စ်