CNI News
၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၂၂
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ် (၉)ရပ်ကွက် ၄၈ လမ်းနှင့် မဟာဗန္ဓုလလမ်းထောင့်ရှိ KBZ ဘဏ်သည် ယနေ့ (အောက်တိုဘာ ၂၂ ရက်) နေ့လယ် ၁ နာရီ၀န်းကျင်က ဓါးပြတိုက်ခံခဲ့ရကာ ငွေကျပ် သိန်းပေါင်း ၃၀၀၀ ကျော် ပါသွား ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ဆိုသည်။
ဖြစ်စဉ်မှာ လက်နက်ကိုင်ဆောင်ထားသူ ၅ ဉီးသည် Fielder အမျိုးအစား အဖြူရောင် အငှားယာဉ်ဖြင့် ရောက်ရှိလာပြီး ဘဏ်အတွင်းသို့ ပစ္စတိုသေနတ်ဖြင့် ချိန်ရွယ်ကာ ဘဏ်၀န်ထမ်းကောင်တာအတွင်းမှ တစ်သောင်းကျပ်တန် ၁၁,၈၉၁ ရွက်၊ ငါးထောင်ကျပ်တန် ၃၉,၀၀၀ ရွက် စုစုပေါင်း ငွေကျပ် ၃၁၃,၉၁၀,၀၀၀ (သိန်းပေါင်း ၃၀၀၀ ကျော်)ကျပ်အား ဆာလာအိတ် အတွင်းသို့ ထည့်ကာ မဟာဗန္ဓုလလမ်းအတိုင်း အရှေ့ဘက်သို့ မောင်းနှင်ထွက်ပြေးသွားခဲ့သည်ဟု နစက သတင်းထုတ်ပြန် ရေးအဖွဲ့က ဆိုသည်။
နစကသတင်းထုတ်ပြန်ရေးအဖွဲ့က “ဖြစ်စဉ်တွင် လက်နက်ကိုင်သမားများ၏ ရိုက်နှက်မှုကြောင့် ဘဏ်လုံခြုံရေး၀န်ထမ်း တစ်ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့သဖြင့် ဗိုလ်တထောင်မြို့နယ်ရှိ ဂန္ဒီဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး KBZ ဘဏ်အား ဓါးပြတိုက် ငွေလုယူသွားသော လက်နက်ကိုင်သမားများအား ပိတ်ဆို့ရှာဖွေလျက်ရှိသည်”ဟု ဆိုသည်။