၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၂၁
နိုင်ငံတကာသည် မြန်မာနိုင်ငံ ဒီမိုကရေစီပြန်လည် ထွန်းကားလာရေး ဆောင်ရွက်ရာမှာ ဖိအားပေး ဆောင်ရွက်နေမှုများက တရုတ်နှင့်ရုရှားဆီ တွန်းပို့သလိုဖြစ်နေသလား စဉ်းစား အဖြေရှာကြရန်လိုသည်ဟု ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်တွင် ဆောင် ရွက်နေသူ ဦးခွန်းဆိုင်က ပြောသည်။
ဗြိတိန်နိုင်ငံတွင် လာမည့် ဒီဇင်ဘာလအတွင်း လူကိုယ်တိုင်တွေ့ဆုံမည့် G-7 ASEAN နိုင်ငံခြားရေးဝန်ကြီးများ အဆင့် အစည်းအဝေး တက်ရောက်ရန် မြန်မာနိုင်ငံကို ဖိတ်ကြားသွားမည် မဟုတ်ကြောင်း ဗြိတိန်အစိုးရက ဆိုသည်။
အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဘရူနိုင်းနိုင်ငံမှ နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား အာဆီယံထိပ်သီး အစည်း အဝေး တက်ရောက်ရန် ဖိတ်ကြားမည်မဟုတ်ကြောင်း ကြေညာခဲ့ပြီးနောက် ရက်ပိုင်းအကြာတွင် ဗြိတိန်က ယခုကဲ့သို့ ပြောကြားလာခြင်း ဖြစ်သည်။
နိုင်ငံတကာ၏ ယခုကဲ့သို့ လုပ်ရပ်များသည် နစကအား တရုတ်နှင့် ရုရှားဘက်သို့ တွန်းပို့နေသလားဟု မေးခွန်းများရှိ ကြောင်း၊ နစကဘက်မှ အာဆီယံ၏ တောင်းဆိုချက်များအား လိုက်လျောလိုက်ပါကလည်း ဘာမှမဆုံးရှုံးနိုင်ကြောင်း ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်တွင် ဆောင် ရွက်နေသူ ဦးခွန်းဆိုင်က ၎င်း၏အမြင်ကို ပြောသည်။
၎င်းက “အခုအခြေအနေက ပထဝီနိုင်ငံရေးအရ ပြောမယ်ဆိုရင် သူ့ကို ကျနော်တို့က တရုတ်၊ ရုရှား တို့ ဘက်ကို တွန်းပို့နေသလား ဆိုတဲ့ မေးခွန်းတွေရှိကြတာပေါ့။ ဘာလို့လဲဆိုတော့ တခြားနိုင်ငံတွေ သူတို့ကို လွှတ်ပေမယ့် တရုတ်နဲ့ရုရှားက လွှတ်မှာ မဟုတ်ဘူး။ အဲ့လိုမျိုးလုပ်လို့ရှိရင် ကျနော်တို့တိုင်းပြည်အတွက် အသင့်တော်ဆုံးဖြစ်မလား၊ မဖြစ်ဘူးလား ဆိုတာကတော့ ကျနော်တို့ ဝိုင်းဝန်းစဉ်းစားဖို့ပဲ လိုပါလိမ့်မယ်။ တကယ်လို့ ဝိုင်းဝန်းမစဉ်းစားဘူးဆိုရင် နည်း လမ်းရှာဖို့ လိုပါတယ်။ သူတို့ လိုက်လျောလို့ရှိရင်လည်း ဘာမှမရှုံးနိုင်ဘူးလို့မြင်ပါတယ်”ဟု CNI သတင်းဌာနသို့ ပြောသည်။
ပုံ-G-7 နိုင်ငံများအလံကိုတွေ့ရစဉ်။(AFP)
ပြည်တွင်းနိုင်ငံရေးလေ့လာသုံးသပ်သူတချို့ကတော့ နစကသည် တရုတ်-ရုရှားတို့ဖြင့် ဆက်ဆံရေးကောင်း တစ်ရပ်ကို ထူထောင်ထားနိုင်သော်လည်း အမေရိကန် အပါအ၀င် အနောက်နိုင်ငံများ၊ EU၊ အာဆီယံ စသည့် နိုင်ငံတကာဖြင့် ဆက်ဆံ ရေးကောင်းတစ်ရပ် ထူထောင်လိုသည့် ဆန္ဒရှိနေကြောင်း၊ ထိုသို့ နိုင်ငံတကာမှ မြန်မာကိုဖယ်ချဉ်ထားပါက တရုတ်နှင့်ရုရှားထံ တွန်းပို့သလိုဖြစ်သွားနိုင်ကြောင်း သုံးသပ်လျက်ရှိနေကြသည်။
အပစ်ရပ် (၁၀)ဖွဲ့မှ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST မှ ပြောရေးဆိုခွင့်ရှိသူ ရဲဘော်မျိုးဝင်းကတော့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ မလုပ်ဆောင်နိုင်သေးပါက နိုင်ငံတကာ ဖိအားများသည် တိုးမြှင့်လာနိုင်ကြောင်း၊ ယခုကဲ့သို့ ကိစ္စရပ်များ ဖြစ်လာခြင်းသည်လည်း တိုးမြင့်လာသည့်အထဲမှ တစ်ခုဖြစ်ကြောင်း ပြောသည်။
ရဲဘော်မျိုးဝင်းက “စီးပွားရေးအရ ရင်းနှီးမြှုပ်နှံမှုကတော့ နိုင်ငံတိုင်းကတော့ နိုင်ငံတကာရင်းနှီးမြှုပ်နှံမှု ခုချိန် မှာ ယှဉ်ပြိုင်နေကြတာပေါ့။ ကိုယ့်ဆီမှာ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှု ရနိုင်ဖို့ ပုံစံမျိုးစုံနဲ့ လမ်းတွေဖွင့်ပြီးတော့မှ ဖိတ်ခေါ်နေတဲ့ အခြေအနေမှာ အခုလိုမျိုး နိုင်ငံတကာပိတ်ဆို့မှုတွေ ခံရပြီဆိုကတည်းက တိုင်းပြည်ရဲ့ စီးပွားရေးကတော့ ထိတာပဲလေ။ အနည်းနဲ့အများတော့ သက်ရောက်မှုကဖြစ်တာပဲ။ ဗမာပြည်မှာ ရင်းနှီးမြှုပ်နှံမှု လုပ်ကိုင်ဖို့အတွက် နိုင်ငံရေးအရ အခြေ အနေ အခင်းအကျင်း မရှိဘူးဆိုရင်တော့ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုတွေကတော့ ထွက်ကြမှာပဲ။ အခုလည်း ထွက်နေကြ တာပဲ။ ပြောရမယ်ဆိုရင်တော့ သက်ရောက်မှုတော့ အများကြီးရှိတာပေါ့”ဟု CNI သတင်းဌာနသို့ ပြောသည်။
လက်ရှိ မြန်မာနိုင်ငံတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(နစက)နှင့် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကြား တရား၀င် အစိုးရတစ်ရပ်အဖြစ် နိုင်ငံတကာ၏ အသိအမှတ်ပြုမှုကို ရရှိရန်အတွက် သံတမန်ရေးရာ အားပြိုင်နေကြရသည်။
မြန်မာနိုင်ငံက အဖွဲ့၀င်အဖြစ် ပါ၀င်သည့် အာဆီယံကလည်း နစကကို ၂၀၂၁ ခုနှစ်၊ ဧပြီလ ၂၄ ရက်က သွေးထွက်သံယိုမှုများ ရပ်တန့်ရန်၊ လူသားချင်းစာနာထောက်ထားမှုအကူ အညီပေးရန်၊ ဖမ်းဆီးထားသူများ ပြန်လွတ်ပေးရန်၊ တွေ့ဆုံဆွေးနွေး အဖြေရှာကြရန်၊ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်ခန့်အပ်ခွင့်ပြုရန် စသည့် ဘုံသဘောတူညီချက် ၅ ချက် သဘောတူညီချမှတ်ခဲ့ကြသည်။