CNI News

ဟာဗားနား ဇူလိုင် ၁၃

ကျူးဘားကွန်မြူနစ်အစိုးရအပေါ် ကြုံတောင့်ကြုံခဲ ဆန္ဒပြမှုများ ဖြစ်ပွားနေသောကြောင့် တစ်ပါတီစနစ်ကို လက်ညှိုးထိုးပြီး ဖိနှိပ်ကန့်သတ်နေခဲ့သည့် အမေရိကန်၏ စီးပွားရေး ကျဆင်းစေမှု မူဝါဒကို ဇူလိုင် ၁၂ ရက်တွင် ဟားဗားနားက အပြစ်တင်ခဲ့ သည်။

“အာဏာရှင် ဆင်းပေး” ကြွေးကြော်သံများဖြင့် ထောင်နှင့်ချီသော ကျူးဘားပြည်သူများ လမ်းပေါ်ထွက်ခဲ့ သည့်နောက်တစ်နေ့တွင် ရဲများက ဆန္ဒပြရာတွင် ပါဝင်သူများကို ဖမ်းဆီးခဲ့သည်။

နှစ်ပေါင်း ၃၀ အတွင်း အဆိုးဝါးဆုံး စီးပွားရေးအကျပ်အတည်းနှင့် ရင်ဆိုင်နေရသော ကျူးဘားနိုင်ငံတွင် အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲများ မြို့ကြီးအချို့တွင် ထွက်ပေါ်လာခဲ့သည်။ လက်ရှိအနေအထားတွင် လျှပ်စစ်မီး၊ အစားအစာနှင့် ဆေးဝါး ပြတ်လပ် မှုများ ရှိနေပြီး မကြာသေးမီက ကိုရိုနာဗိုင်းရပ်စ် ကူးစက်လာပြန်သဖြင့် ကျူးဘား၌ အကျပ်အတည်းများစွာ ဖြစ်လာခဲ့သည်။

ကျူးဘားနိုင်ငံတွင် လူစုလူဝေးပြုလုပ်မှုသည် များသောအားဖြင့် အာဏာရကွန်မြူနစ်ပါတီက ကျင်းပပေးသော ပွဲလမ်းများ တွင်သာ ရှိတတ်သော်လည်း အင်ဗင်တာရိုသတင်းဖော်ပြချက်အရ ဇူလိုင် ၁၁ ရက်တွင် ဆန္ဒပြမှုစုစုပေါင်း ၄၀ ရှိခဲ့သည်။

ပြည်တွင်း မငြိမ်မသက်ဖြစ်အောင် နှိုးဆွပေးသည့် အမေရိကန်၏ စီးပွားရေးကျဆင်းစေမှု မူဝါဒကို ကျူးဘားသမ္မတ မီဂဲဒီရပ်စ်ကနယ်က မကျေမနပ်ဖြင့် အပြစ်တင်ခဲ့သည်။ ကျူးဘားသည် ၁၉၆၂ ခုနှစ်မှစ၍ အမေရိကန်၏ အရေးယူ ပိတ်ဆို့မှု ဒဏ် ခံခဲ့ရသည်။

“အစိုးရအပြောင်းအလဲအတွက် လူထုမငြိမ်မသက်ဖြစ်အောင် နှိုးဆွပေးရအောင် သူတို့က ဘာလိုချင်တာလဲ” ဟု ကျူးဘား သမ္မတ မီဂဲဒီရပ်စ်ကနယ်က နိုင်ငံပိုင် ရုပ်သံနှင့်ရေဒီယိုမှ ကြေညာသည့် မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

ပုံစာ (၂) - ကွန်မြူနစ်အစိုးရကို ဆန့်ကျင်သော ဆန္ဒပြသူများနှင့် ရဲများအကြား ပဋိပက္ခဖြစ်ပွားနေစဉ်။ (ဓါတ်ပုံ-အေအက်ဖ်ပီ)

ဝါရှင်တန်၏ ကြေညာချက်တစ်စောင်တွင် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ဆန္ဒပြသူများကို ထောက်ခံထားပြီး တောင်းဆို ချက်များကို အလေးအနက်ထားရန် တိုက်တွန်းကြောင်း ဖော်ပြခဲ့သည်။ ကျူးဘားအာဏာရှင် အစိုးရက ဆယ်စုနှစ်ပေါင်းများ စွာ ဖိနှိပ်မှုနှင့် စီးပွားရေး ထိခိုက်နစ်နာမှုများအကြောင်း ဝါရှင်တန်က ထောက်ပြထားသည်။

ကွန်မြူနစ်စနစ် စီမံခန့်ခွဲမှုအမှားများနှင့် ကိုဗစ်နိုင်တင်းတို့ကြောင့် ဝါရှင်တန်ကို ကျူးဘားအနေဖြင့် ယခုကဲ့သို့ အပြစ် တင် ခြင်းမှာ ဝမ်းနည်းဖွယ် အလွဲတစ်ခုဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်က ပြောကြားခဲ့သည်။

အမေရိကန်-ကျူးဘားဆက်ဆံရေးသည် သမ္မတ အိုဘားမားလက်ထက်၂၀၁၄ ခုနှစ်မှ ၂၀၁၆ ခုနှစ် ကြားကာလတွင် တင်းမာ မှုများကို ယာယီဖြေလျော့ပေးခဲ့သော်လည်း သမ္မတ ဒေါ်နယ်ထရမ့် လက်ထက်တွင်မူ ပိတ်ဆို့ဒဏ်ခတ်မှု ပြန်လည် တင်းကျပ် ခဲ့သည်။

လက်ရှိ သမ္မတ ဘိုင်ဒန်ကလည်း ကျူးဘားအပေါ် မူဝါဒ မပြောင်းလဲဘဲ ပိုတင်းကျပ်ခဲ့သဖြင့် ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါ ဖြစ်ပွားချိန် ခရီးသွား လုပ်ငန်းပြိုလဲခြင်းနှင့်အတူ ကျူးဘားနိုင်ငံ၏စီးပွားရေးမှာ ၂၀၂၀ ပြည့်နှစ်တွင် ၁၁ ရာခိုင်နှုန်း ကျဆင်း သွားခဲ့ရသည်။

ဇူလိုင် ၁၁ ရက်က ဆန္ဒပြသူရာနှင့်ချီ၍ မြို့တော်ဟာဗားနားအတွင်း ချီတက်လှည့်လည်ခဲ့ကြပြီး ရိုက်ကူးထားသော ရဲများက မျက်ရည်ယိုဗုံးခွဲခြင်းနှင့် ဆန္ဒပြသူများကို ပလတ်စတစ်တုတ်ဖြင့် ရိုက်နှက်ခြင်းတို့ကို AFP သတင်းထောက်က မျက်မြင်တွေ့ ရှိခဲ့သည်။

ကျူးဘားကျွန်းပေါ်တွင် မိုဘိုင်းလ်အင်တာနက်ကို ၂၀၁၈ ခုနှစ်ကမှ စတင်သုံးစွဲခွင့်ပြုခဲ့သော်လည်း လူမှုကွန်ရက် မီဒီယာ များတွင် ကျူးဘားတဝန်း ဆန္ဒပြမြင်ကွင်းများကို လွှင့်တင်ခဲ့ကြသည်။ ကျူးဘားနိုင်ငံတွင် အင်တာနက်ဆက်သွယ်ရေးမှာ ဇူလိုင် ၁၁ ရက်၊ မွန်းလွဲပိုင်းက ပြတ်တောက်ခဲ့သော်လည်း ဇူလိုင် ၁၂ ရက်တွင် ပြန်လည်သုံးစွဲ၍ ရခဲ့သည်။

ဥရောပသမဂ္ဂ (EU) နှင့် ကုလသမဂ္ဂတို့က ကျူးဘားအရေးနှင့်ပတ်သက်၍ လွတ်လပ်စွာ ထုတ်ဖော်ပြောကြားခွင့်နှင့် ငြိမ်းချမ်း စွာ စုဝေးခွင့်တို့ကို လေးစားရန် တောင်းဆိုခဲ့သည်။

ငြိမ်းချမ်းစွာဆန္ဒပြပွဲများကို ခွင့်ပြုရန်နှင့် ဆန္ဒပြသူ ထုတ်ဖော်ပြောဆိုသည့် မကျေနပ်ချက်များကို နားထောင်ရန် အစိုးရကို တောင်းဆိုကြောင်း EU နိုင်ငံခြားရေးမူဝါဒဆိုင်ရာအကြီးအကဲ ဂျော့စ်ဘိုရဲလ်က ပြောကြားခဲ့သည်။

Source: AFP
https://news.yahoo.com/thousands-join-rare-anti-government-215431164.html

#Cuba #US #ဆန္ဒပြ #Covid-19 #ကျူးဘား #ကွန်မြူနစ် #ဟာဗားနား #EU #UN #ဥရောပသမဂ္ဂ #အမေရိကန် #ကုလသမဂ္ဂ #အိုဘားမား #ကိုဗစ်