CNI News
၂၀၂၁ခုနှစ်၊ ဇူလိုင် ၁၃
ရှမ်းပြည်နယ်၊ ကျေးသီးမြို့နယ်၊ လွိုင်ဟွန်းတောင်(လွယ်ဟွန်းတောင်)ကြောတစ်လျှောက် တပ်စွဲထားသည့် ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ/ ရှမ်းပြည်တပ်မတော် (RCSS/SSA)သည် လက်ရှိ စစ်ရေးအခြေအနေကြောင့် တပ်ဆုတ်ကာ နေရာရွေ့ပြောင်းခဲ့ သည်ဟု RCSS ၏ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးစိုင်းခမ်းစံက CNI သတင်းဌာနသို့ ပြောသည်။
“စစ်ရေးအခြေအနေကတော့ ကျနော် မှတ်ချက်မပေးချင်ဘူးဗျ၊ ကျနော်တို့ စစ်ရေးသဘောအရ ကျနော်တို့က ဆုတ်ပေး ကောင်း ဆုတ်ပေးတာရှိမယ်၊ နေရာရွေ့ကောင်း ရွေ့တာရှိမယ်ခင်ဗျ၊ ဒါကတော့ စစ်ရေးအခြေအနေကြတော့ မှတ်ချက်ပေး စရာမရှိသေးဘူး၊ နောက်ဆုတ်တာ အသေးစိတ်တော့ ကျနော်မသိသေးဘူး” ဟု ဗိုလ်မှူးစိုင်းခမ်းစံက ပြောသည်။
၂၀၂၁ ခုနှစ်၊ ဇွန် (၁)ရက်မှ စတင်သည့် ရှမ်းတပ်(၂)တပ်ဖြစ်သည့် RCSS နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP/SSA) တို့အကြား စစ်ရေးတင်းမာမှု၊ စစ်အင်အားဖြည့်တင်းမှုရှိပြီး တိုက်ပွဲများဖြစ်ပွားကာ ပြီးခဲ့သည့် ၃ ရက်ခန့်က RCSS အနေဖြင့် တပ်ဆုတ်မှု၊ တပ်ရွေ့ပြောင်းမှုများ ပြုလုပ်ခဲ့သည်ဟု ဗိုလ်မှူးစိုင်းခမ်းစံက ပြောသည်။
SSPP မှ ဗိုလ်မှူးစိုင်းသန်းအောင်ကို လွိုင်ဟွန်းတောင်ကြောတွင် SSPP တပ်စွဲထားသည်နှင့် ပတ်သက်ပြီး မေးမြန်းခဲ့ပေမယ့် မိမိအနေဖြင့် ရှေ့တန်းရောက်နေ၍ အချက်အလက်များ မသိရှိသေးကြောင်း၊ ဌာနချုပ်မှ ပြောခွင့်ရပုဂ္ဂိုလ်တွေထံ ဆက်သွယ် မေးမြန်းရန် ဆိုသည်။
ဗိုလ်မှူးစိုင်းသန်းအောင်က “ကျနော်က အဝေးရောက်နေတာလေ ဌာနချုပ်ကို လှမ်းမေးလိုက်ပါလား၊ ကျနော်လည်း အကုန် လုံး အချက်အလက်တွေ ကျနော် သိပ်မသိလို့လေ ကျနော်ရှေ့တန်းရောက်နေတယ်ဆိုတော့ ဌာနချုပ်မှာရှိတဲ့ ပုဂ္ဂိုလ်နဲ့ ပြောရေးဆိုခွင့် နိုင်ငံရေး ဦးဆောင်အဖွဲ့နဲ့ အမြဲတမ်းထိတွေ့နေတဲ့ ပုဂ္ဂိုလ်ပဲ ပြောခွင့်ရှိတယ်” ဟု ပြောသည်။
ပုံ- SSPP တပ်ဖွဲ့ဝင်များကိုတွေ့ရစဉ်(Sai Su)
ထို့နောက် SSPP မှ တာဝန်ရှိ ပုဂ္ဂိုလ်များထံ ဖုန်းဆက်သွယ် မေးမြန်းခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိပေ။
နယ်မြေအငြင်းပွားမှုကြောင့် RCSS နှင့် SSPP တို့သည် လွိုင်ဟွန်းတောင်ကြောတစ်လျှောက် တစ်လကျော်ကြာ တိုက်ပွဲများ ဖြစ်ပွားကာ ဒေသခံပြည်သူ တစ်ထောင်နီးပါး ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်မှုများရှိခဲ့သည်။
RCSS အနေဖြင့် တိုင်းရင်းသားလက်နက်ကိုင်အချင်းချင်း တိုက်ပွဲမဖြစ်လိုဘဲ တိုက်ပွဲများကြောင့် တိုင်းရင်းသားဒေသ၊ ဒေသခံပြည်သူများ နစ်နာမှုများ ရှိနေသောကြောင့် ထိုးစစ်ဆင်မှု မလုပ်ပဲ၊ ခုခံစစ်ဖြင့်သာ တုံပြန်နေသည်ဟု ဗိုလ်မှူး စိုင်းခမ်းစံက ဆိုသည်။
“အဓိက ကတော့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ အချင်းချင်း တိုက်ပွဲမဖြစ်ချင်ဘူး၊ တိုက်ပွဲမဖြစ်ချင်လို့ တိုက်ပွဲဖြစ်လို့ ရှိရင်လည်း ကျနော်တို့ အကျိုးအမြတ်မရှိဘူး၊ တိုင်းရင်းသားဒေသ နစ်နာမယ်၊ ပြည်သူလူထုလည်း နစ်နာမယ်။ ဒါကြောင့် ကျနော်တို့က ထိုးစစ်ဆင်တာ မလုပ်ဘူး၊ ကျနော်တို့ ကိုယ့်ကိုယ်ကို ခုခံကာကွယ်တာပဲ ခုခံစစ်အနေနဲ့ပဲ လုပ်တယ်၊ ခုခံစစ်နဲ့ ခွာစစ်နဲ့ပဲ တုံပြန်တာဖြစ်တယ်” ဟု ဗိုလ်မှူးစိုင်းခမ်းစံက ပြောသည်။
နိုင်ငံရေးပြဿနာများကို စစ်ရေးနည်းလမ်းဖြင့် ဖြေရှင်းမည်ဆိုပါက ဖြေရှင်းနိုင်မည်မဟုတ်ဘဲ ပြဿနာများကိုသာ ပိုမို ကြီးမား ကျယ်ပြန့်လာစေနိုင်ပြီး အောက်ခြေတပ်ဖွဲ့ဝင်များနှင့် ဒေသခံ ကျေးလက်ပြည်သူများအား ဆင်းရဲဒုက္ခအမျိုးမျိုးကို ပိုမိုကြုံတွေ့စေမည်ဟု RCSS က ဇူလိုင် ၈ရက်က ထုတ်ပြန်ခဲ့သည်။
RCSS သည် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ်(NCA)လက်မှတ်ထိုးထားသည့် ရှမ်းလက်နက်ကိုင်ဖြစ်ပြီး SSPP ကမူ NCA မထိုးရသေးဘဲ ထိုးနိုင်ရေးဆွေးနွေးနေဆဲ ရှမ်းလက်နက်ကိုင်အဖွဲ့ဖြစ်သည်။ RCSS နှင့် SSPP တို့သည် ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလမှ စတင်ကာ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ကျောက်မဲ၊ သီပေါ၊ လားရှိုး၊ မူဆယ်၊ နမ္မတူ၊ နောင်ချို စသည့် မြို့နယ်များအတွင်း နယ်မြေအငြင်းပွား၍ တိုက်ပွဲများ ယနေ့ချိန်ထိ မကြာခဏ ဖြစ်ပွားလျက်ရှိနေသည်။
#RCSS
#SSPP
#NCA
#တိုက်ပွဲ
#ရှမ်းပြည်နယ်
#လွိုင်ဟွန်းတောင်ကြော
#နိုင်ငံရေး
#စစ်ရေး
#ငြိမ်းချမ်းရေး