CNI News
၂၀၂၁ခုနှစ်၊ ဇူလိုင် ၁၂
ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးမှ ၂၀၂၁ ခုနှစ်၊ မတ်လ ၂၂ က အချက် (၈) ချက်ပါသည့် အိတ်ဖွင့်ပေးစာတစ်စောင်ကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ ပေးပို့ခဲ့ပြီး ၎င်းအချက်များကို အကောင် အထည်ဖော်မှုမရှိပါက တွေ့ဆုံဆွေးနွေးမည်မဟုတ်ဟု KNU ၏ နိုင်ငံခြားရေးတာဝန်ခံ ပဒိုစောတောနီးက CNI သတင်းဌာန ကို ပြောသည်။
လက်ရှိတွင် KNU နှင့် နစကတို့ တွေ့ဆုံဆွေးနွေးခြင်း မရှိသော်လည်း ၎င်းတို့ပေးပို့ထားသည့် စာအတိုင်း လက်ခံမည်ဆိုပါက ဆွေးနွေးပွဲများ ဖြစ်လာနိုင်သည်ဟု ၎င်းက ဆိုသည်။
ပဒိုစောတောနီးက “တကယ်တမ်း တွေ့ဆုံဆွေးနွေးပွဲ လုပ်မယ်ဆိုရင်လည်း ကျနော်တို့ မတ်လ ၂၂ ရက်နေ့မှာ စစ်တပ်ဆီကိုပို့ တဲ့ စာရှိတယ်၊ အဲစာအတိုင်း လက်ခံနိုင်ပြီဆိုရင် ကျနော်တို့ ဆွေးနွေးပွဲ လက်ခံလို့ရပါတယ်။ ဒါပေမယ့် ကျနော်တို့ တောင်း ဆို ထားတဲ့အချက်က (၈)ချက်ရှိတယ်လေ၊ အဲဒီဟာတွေ သူတို့ လိုက်နာနိုင်မယ်ဆိုရင်တော့ တွေ့ဆုံဆွေးနွေးပွဲကတော့ ဘာမှ မလုပ်စရာအကြောင်းမရှိပါဘူး၊ ဒီနိုင်ငံကို ပြဿနာဖြေရှင်းဖို့ဆိုရင် တွေ့ဆုံဆွေးနွေးပွဲကို လုပ်ကိုလုပ်ရမှာပါ” ဟု ပြောသည်။
KNU တောင်းဆိုထားသည့် အချက် (၈)ချက်အနက် ပြည်သူများကို အကြမ်းဖက်နှိမ်နှင်းရေးအတွက် နေရာယူထားသည့် ရဲတပ်ဖွဲ့များနှင့် တပ်မတော်တပ်ဖွဲ့များအား ၎င်းတို့အခြေစိုက် စခန်းများသို့ ပြန်လည် ရုတ်သိမ်းပြီး တစ်နိုင်ငံလုံး အပစ် အခတ်ရပ်စဲကြောင်း ကြေညာ၍ အကောင်အထည်ဖော် ဆောင်ရွက်ပေးရန်ဆိုထားသည်။
ထို့အပြင် အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဆီးထားသူများအားလုံးကို ပြန်လွှတ်ပေးရန်နှင့် တပ်မတော်မှ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ် တည်ဆောက်ရန် ကတိကဝတ်ပြုမှုကို လူသိရှင်ကြား ကြေညာချက်ထုတ်ပြန်ပြီး နိုင်ငံရေးတွင် ပါဝင်နေမှု အား နှုတ်ထွက်ကြောင်း ကြေညာရန် စသည့်အချက်များ ပါဝင်ဖြစ်သည်။
လက်ရှိတွင် တပ်မတော်ဘက်က KNU ၏ တောင်းဆိုချက်များနှင့်ပတ်သက်ပြီး တစ်စုံတစ်ရာ အကြောင်းပြန်ကြားခြင်း မရှိ သေးသော်လည်း တခြားသော တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ်(NCA)ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် ၁၀ ဖွဲ့အနက် ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA)၊ ကရင်အမျိုးသားအစည်း အရုံး/ ကရင် အမျိုးသားလွတ်မြောက်ရေးတပ်မတော် (ငြိမ်းချမ်းရေးကောင်စီ)- KNU/KNLA (PC)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)တို့နှင့် နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့၏ ငြိမ်းချင်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အနေဖြင့် လက်ရှိ အာဏာရယူထားသည့် နစကနှင့် တွေ့ဆုံဆွေးနွေးမှု ပြုလုပ်မည် မဟုတ်သော်လည်း NCA လမ်းကြောင်း အတိုင်း ဆက်သွားမည်ဟု PPST ၏ ပြောခွင့်ရလည်းဖြစ် မွန်ပြည်သစ်ပါတီ(NMSP)၏ ဗဟိုအလုပ်အမှု ဆောင်လည်းဖြစ် သူ နိုင်အောင်မငေးက CNI သတင်းဌာနကို ပြောသည်။
နိုင်အောင်မငေးက “ NCA လမ်းကြောင်းအတိုင်းသွားမယ်လို့ ချမှတ်ထားတယ်၊ အဲလမ်းကြောင်းပေါ်မှာ ဆိုရင် အခု လောလောဆယ် အနေနဲ့တော့ NCA အကောင်အထည်ဖော်မှုဆိုင်ရာ နိုင်ငံရေးဆွေးနွေးပွဲတော့ ကျနော်တို့ မလုပ်ဘူး ဆိုင်းငံ့ထားတယ်၊ ဒါပေမယ့် ပါတီတစ်ခုချင်းအနေနဲ့ Bilateral တွေ့ရင်လည်း သူတို့ပါတီရဲ့ ရပ်တည်ချက်ပေါ်မှာ ရပ်တည်ပြီး ပြောရင်လည်း PPST အနေနဲ့တော့ ဘာမှကန့်ကွက်စရာမရှိပါဘူး။ ဒါသူတို့ပါတီရဲ့ ရပ်တည်ချက် သဘောထားပေါ့နော်၊ အဲလို ချမှတ်ထားတယ်” ဟု ပြောသည်။
NCA သည် စာချုပ်တစ်ခုသာဖြစ်ပြီး တရားမျှတမှု၊ အကြမ်းမဖက်နည်း၊ ဖက်ဒရယ်ဒီမိုကရေစီ အစသဖြင့် အနှစ်သာရ အားဖြင့် ကောင်းမွန်သော်လည်း လက်တွေ့ အကောင်အထည် မဖော်သောကြောင့် တွေ့ဆုံဆွေးနွေးပွဲ လုပ်၍မရကြောင်း KNU ၏ နိုင်ငံခြားရေးတာဝန်ခံ ပဒိုစောတောနီးက CNI သတင်းဌာနသို့ ပြောသည်။
“KNU ကတော့ရှင်းပါတယ်၊ KNU ကတော့ သူ့ထုတ်ပြန်ချက်ရှိတာပဲလေ NCA ဆိုတာက စာချုပ်ပဲ ဒီအချိန်ဘာမှ လုပ်စားလို့ မရဘူး၊ NCA ဆိုတာ စာချုပ်စာတမ်းပဲ အနှစ်သာရအားဖြင့်တော့ နိုင်ငံရေးဆွေးနွေးပွဲလေ ဒါပေမယ့် နိုင်ငံရေး ဆွေးနွေးပွဲက တရားမျှတမှုရှိရမယ်၊ ယဉ်ကျေးမှုအဆင့်နဲ့ နိုင်ငံရေးပုံစံကို ကျနော်တို့ ဖက်ဒရယ်ဒီမိုကရေစီကို အာမခံထား တယ် အဲတာတွေ အကုန်လုံးပေါ့ဗျာ အကြမ်းမဖက်တဲ့နည်းတွေ တော်တော်များများရှိတာ အနှစ်သာရရှိပါတယ်၊ ကျနော်တို့ အနေနဲ့ KNU ကတော့ ရှင်းပါတယ်၊ ဒီအချိန်ဒီကာလမှာ ဆွေးနွေးပွဲကို ဘယ်လိုမှ လုပ်လို့မရဘူး” ဟု ပဒိုစောတောနီးက ပြောသည်။