CNI News

မွန်ဘိုင်း ဇူလိုင် ၁၄

ဟိမဝန္တာအနောက်ပိုင်း နယ်စပ်တွင် တရုတ်နှင့်အိန္ဒိယတို့ လိပ်ခဲတည်းလည်းဖြစ်နေသည့် အငြင်းပွားမှုကို ဖြေရှင်းရန်မှာ ယမန်နှစ်က သဘောတူညီချက် တစ်ခုရရှိခဲ့သော်လည်း နှစ်ဘက်စလုံး အကျိုးစီးပွားအတွက် မဟုတ်ကြောင်း အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးက ၎င်းနှင့်ဆွေးနွေးဖက် တရုတ်အစိုးရတာဝန်ရှိသူများထံ ဇူလိုင်လ ၁၄ ရက်၌   ပြောကြားခဲ့သည်ဟု ရိုက်တာသတင်းက ယနေ့နံနက်ဖော်ပြသည်။

၂၀၂၀ ခုနှစ်က စာချုပ်အရ နှစ်ဘက်စလုံးမှ တပ်မှူးများသည် ၎င်းတို့တပ်များ အပြည့်အဝဆုတ်ခွာရန် ခြေလှမ်းအဖြစ် ဖေဖော်ဝါရီလကပင် Pangong Lake ဒေသမှ တပ်များ၊ တင့်ကားများနှင့် အမြောက်များ တပ်ဆင်ခြင်းကို အပြီးသတ်ခဲ့သည်။

မည်သို့ပင်ဆိုစေကာမူ အငြင်းပွားနေသည့် နယ်စပ်ဒေသ၌ ပွတ်တိုက်မှုများ မဖြေရှင်းနိုင်သေးကြောင်း အိန္ဒိယနိုင်ငံခြားရေး ဝန်ကြီး အက်စ်ဂျိုင်ရှန်ကာက ပြောသည်။

လက်ရှိအနေအထားကို ရှေ့ဆက်တိုးခြင်းသည် နှစ်ဖက်စလုံးအတွက် အကျိုးမရှိဟု သဘောတူထားကြောင်း၊ နှစ်နိုင်ငံဆက်ဆံ ရေးအတွက် အနုတ်လက္ခဏာဆောင်အသွင်ဖြင့် ထိခိုက်နစ်နာမည်မှာ သိသာပါကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်ထဲတွင် ဖော်ပြထားသည်။

ဂျိုင်ရှန်ကာနှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိတို့သည် တာဂျစ်ကစ္စတန်နိုင်ငံတွင် ကျင်းပသည့် နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် ဗုဒ္ဓဟူးနေ့က သီးခြားတွေ့ဆုံ ခဲ့ကြသည်။

Pangong ရေခဲအိုင်အပါအဝင် အမှန်တကယ်ထိန်းချုပ်ထားသော နယ်စပ်မျဉ်း (Line of Actual Control-LAC) (သို့မဟုတ်) လက်တွေ့အားဖြင့်နယ်စပ်အပေါ် ယမန်နှစ် ၂၀၂၀ ပြည့်နှစ် ဧပြီလကတည်းက ထောင်နှင့်ချီသော တပ်ဖွဲ့ဝင်များ ထိပ်တိုက် ရင်ဆိုင်နေခဲ့ကြပြီး နှစ်နိုင်ငံကြား ပဋိပက္ခများ ပိုမိုကျယ်ပြန့်လာမည်ကို စိုးရိမ်နေခဲ့ရသည်။

၂၀၂၀ ပြည့်နှစ် ဇွန်လက အိန္ဒိယနှင့်တရုတ် နှစ်နိုင်ငံစလုံးမှ တပ်ဖွဲ့ဝင်များ ဆယ်စုနှစ် ၄ ခုကျော်ကာလအတွင်း ပထမဆုံး အကြိမ် ထိတွေ့ တိုက်ခိုက်ခဲ့ကြရာ အသေအပျောက်များ ရှိခဲ့သည်။

နှစ်နိုင်ငံကြား ဝန်ကြီးအဆင့် တွေ့ဆုံမှုသည် နှစ်ဦးနှစ်ဘက် လက်ခံနိုင်သော အဖြေတစ်ခု ရှာရန်နှင့် တင်းမာမှုများ တိုးပွား စေမည့် တစ်ဖက်သတ် အရေးယူမှုများ ရှောင်ရှားခြင်း အားဖြင့် မြေပြင်ပေါ်တွင် တည်ငြိမ်မှု ရှိစေရန် သဘောတူညီမှု ရခဲ့ ကြောင်း ရိုက်တာသတင်းဌာနက ရေးသားဖော်ပြထားသည်။

Source: Reuters

#တရုတ် #အိန္ဒိယ #China #India #နယ်စပ် #ဟိမဝန္တာ #WangYi #Jaishankar #Shanghai #Mumbai #CNI #CNImyanmar