၂၀၂၁ ခုနှစ်၊အောက်တိုဘာ ၁၈
CRPH နှင့် NUG တို့၏ လှုံ့ဆော်မှုကြောင့် ပြည်တွင်းတိုက်ခိုက်မှုများ ပိုမိုဆိုးဝါးလာခြင်းဖြစ် ရာ အာဆီယံအနေဖြင့် CRPH နှင့် NUG တို့ကို ဟန့်တားထိန်းသိမ်းပေးရန်လိုသည်ဟု ယနေ့ (အောက်တိုဘာ ၁၈ ရက်) နံနက်တွင် နိုင်ငံတော်စီမံ အုပ်ချုပ် ရေးကောင်စီ(နစက)ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။
ပြီးခဲ့သည့် ဧပြီလ ၂၄ ရက်က အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမြို့မှာ အာဆီယံထိပ်သီး အစည်းအဝေး ကျင်းပခဲ့ပြီး ဘုံ သဘောတူညီချက် ၅ ချက်ကို ချမှတ်ခဲ့ကြောင်း၊ ထိုသဘောတူညီချက်များအား မြန်မာနိုင်ငံ၏ နိုင်ငံရေး တည်ငြိမ်မှုများနှင့် အာဆီယံ၏ Charter များနှင့်အညီ ဆောင်ရွက်သွားမည်ဟု ဖော်ပြခဲ့ကြောင်း ၎င်းက ဆိုသည်။
နစကဥက္ကဋ္ဌက “ဒီ ၅ ချက်ထဲက ပထမအချက်ဟာ အရေးအကြီးဆုံးဖြတ်ပါတယ်။ အကြမ်းဖက်မှုများ အမြန်ဆုံး ရပ်ဆိုင်း ရန်နဲ့ အားလုံးက ထိန်းသိမ်းကြပ်မတ်ခြင်းဖြင့် အတတ်နိုင်ဆုံး ဆောင်ရွက်ကြဖို့ဖြစ်ပေမယ့်လည်း ဧပြီလ ဒီကြေညာချက် ထုတ်ပြန်ပြီးတဲ့ နောက်ပိုင်းမှာ CRPH နဲ့ NUG တို့ရဲ့ လှုံ့ဆာ်မှု၊ EAO တချို့ရဲ့ ပါဝင်ပတ်သက်မှု အားပေး မှုများနဲ့ အကြမ်း ဖက်မှုများ ပိုမိုဆိုးဝါးစွာ တွေ့ရှိရပါတယ်။ ဒါကို ကျနော်တို့ ယနေ့ထက်တိုင် ရှင်းလင်း နေရဆဲ ဖြစ်ပါတယ်။ သူတို့ အကြမ်း ဖက် သတ်ဖြတ်၊ လုယက် ပျက်စီးတာတွေကို ဘယ်သူမှ အလေး အနက် ထား ၊ ဟန့် တား၊ ထိန်းသိမ်းမှုတွေပြုတာ မတွေ့ ရပါဘူး။ ကျနော်တို့ကိုပဲ တောင်းဆိုမှု ပြုလုပ်ပြီး ကျနော်တို့ပဲ ဒီပြဿနာကို ရှင်းလင်းနေရတာဖြစ်ပါတယ်။ ဒါကို အာဆီယံ အနေနဲ့ ဆောင်ရွက်ပေးဖို့လိုမယ်လို့ ကျနော်ပြောလိုပါတယ်”ဟု ပြောသည်။
ထို့နောက် အာဆီယံအထူး ကိုယ်စားလှယ် မစ္စတာအာရီဝမ်ယူဆွတ် မြန်မာနိုင်ငံသို့ လာရောက်ရေးကိစ္စမှာလည်း အဆိုပြု တောင်းဆိုချက်များ အမျိုးမျိုး ဖြစ်ပေါ်လာသည့်အတွက် ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်နေရဆဲဖြစ်သည်ဟု ၎င်းက ဆိုသည်။
နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရဲထွန်းကတော့ အာဆီယံက အပစ်အခတ်ရပ်စဲရေးလုပ်ရန် ဆောင်းဆိုချက်ကို နစက-က လိုက်နာခဲ့သော်လည်း NUG ဘက်က D day ကြေညာခဲ့ကြောင်း၊ သို့သော် နစက၏ ကြိုးပမ်းဆောင်ရွက်မှုများသည် သတင်းထုတ်ပြန်မှုများ အားနည်းခြင်းကြောင့် အာဆီယံနှင့် တခြားသော နိုင်ငံများကို မစည်းရှုံးနိုင်ခဲ့ကြောင်း ဆိုသည်။
ပုံ-အာဆီယံအထူးကိုယ်စားလှယ်နဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုတွေ့ရစဉ်။
ဦးရဲထွန်းက “ အဲတာ ကျနော်တို့ သတိထားမိတယ်၊ သူတို့ အာဆီယံကိုယ်စားလှယ်ရွေးပြီးတော့ အဲတောင်းဆိုချက် ၅ ချက် ချလိုက်တဲ့အချိန်မှာ နစက-က ချက်ချင်းအဲတာကို လိုလိုလားလား သဘောတူလိုက်တယ်။ ကိုယ်စားလှယ်က အပစ် အခတ်ရပ်စဲဖို့ တောင်းဆိုလိုက်တယ်။ အဲသလို တောင်းဆိုလိုက်တော့ နစက-က အဲတာကို ချက်ချင်းပဲ သဘောတူလိုက် တယ်။ ဒါပေမယ့် NUG က အဲဒီရက်ပိုင်းမှာပဲ ထပြီးတော့ D day ဆိုပြီး ကြေညာလိုက်တယ်။ ဆိုတော့ ခုနပြောတဲ့ နိုင်ငံ တကာက အမြင်ကြတော့ နစက-က တက်တက်ကြွကြွမလုပ်လို့ ဆိုတာပဲ မြင်တာပေါ့နော်။ တစ်ဖက်က ဆန့်ကျင်ဘက် ကြေညာပြီးတော့
တိုက်ပွဲတွေကို လှုံ့ဆော်လိုက်တဲ့ဥစ္စာကိုတော့ မပြောဘူးပေါ့နော်။ဆိုတော့ ဒါကို ကာချုပ်က ထောက်ပြ တာဖြစ်ပါလိမ့်မယ်”ဟု CNI သို့ ပြောသည်။
ထို့နောက် နစကသည် အာဆီယံ တောင်းဆိုချက်ကို လက်ခံပါကြောင်း၊ အကောင်အထည်ဖော် ဆောင်ရွက်နေကြောင်း၊ အဖွဲ့ အစည်း အသီးသီးကိုလည်း အာဆီယံက ထိန်းသိမ်းဆောင်ရွက်ပေးသင့်ကြောင်း စသဖြင့် တစိုက်မတ်မတ် မပြောခဲ့ ခြင်းကြောင့် နိုင်ငံတကာ၏ အထင်မြင်လွဲမှုများဖြင့် ရင်ဆိုင်ခဲ့ရကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများက ဆိုသည်။
မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် မစ္စတာအာရီဝမ်ယူဆွတ်က စက်တင်ဘာလ ၄ ရက်နေ့က မြန်မာနိုင်ငံရှိ အဖွဲ့အစည်း အားလုံး (၄)လကြာ အပစ်အခတ်ရပ်စဲရေး ကြေညာရန် တောင်းဆိုခဲ့သည်။
ထို့နောက် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က စက်တင်ဘာ ၇ ရက်တွင် တစ်နိုင်ငံလုံးကို အရေးပေါ် အခြေအနေ သတ်မှတ်ကြောင်းနှင့် တပ်မတော်ကို လက်နက်စွဲကိုင် တော်လှန်တိုက်ခိုက်ကြရန် ကြေညာခဲ့သည်။ တစ်ဖက်မှာတော့ တပ်မတော်က စက်တင်ဘာ ၂၇ ရက်တွင် ၂၀၂၁ ခုနှစ်၊အောက်တိုဘာ ၁ ရက်မှ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၂၈ ရက်အထိ (၅)လကြာ အပစ်အခတ်ရပ်စဲကြောင်း ထုတ်ပြန် ကြေညာခဲ့သည်။