၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၁၈
မွန်ပြည်နယ်တွင် ၂၀၂၀ အထွေထွေရွေးကောက်ပွဲ၌ အနိုင်ရရှိခဲ့သည့် ရွေးကောက်ခံကိုယ်စားလှယ်အချို့ နိုင်ငံရေး မလုပ်တော့ဘူးဆိုသည့် ခံဝန်ထိုးခဲ့ရသည်ဟူသော ပြောဆိုနေမှုမှာ မဟုတ်မှန်ကြောင်း ၎င်းတို့ထံမှ သိရသည်။
မွန်ညီညွတ်ရေးပါတီ(MUP)မှ တွဲဖက်အတွင်းရေးမှူး (၂) နိုင်စံတင်က ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြု ကော်မတီ(CRPH)၊ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)တို့နှင့် မိမိတို့ပါတီ သက်ဆိုင်ခြင်း မရှိကြောင်း လက်မှတ်ထိုးခဲ့ရခြင်းဖြစ်သော်လည်း နိုင်ငံရေးမလုပ်တော့ဘူးဆိုသည့် ခံဝန်ထိုးခဲ့ရခြင်းမှာ မဟုတ်ကြောင်း ဆိုသည်။
“သူတို့လည်း အဲဒီလို မရေးခိုင်းဘူး။ လက်မှတ်လည်း မထိုးခဲ့ဖူးပါဘူး။ NUG၊ CRPH တို့နဲ့ မဆိုင်ပါဘူးဆိုတာ ဒီစာကို ကျနော်ကိုယ်တိုင်သေချာဖတ်ပြီးမှ လက်မှတ်ထိုးခဲ့တာပါဗျာ” ဟု နိုင်စံတင်က CNI သတင်းဌာနသို့ ပြောသည်။
၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် အနိုင်ရထားသည့် လွှတ်တော်ကိုယ်စားလှယ်အချို့သည် တပ်မတော်မှ အာဏာရယူပြီးနောက်ပိုင်းတွင် နိုင်ငံရေးမလုပ်တော့ဘူးဆိုသည့် ခံဝန်ထိုးခဲ့ရသည်ဟု သတင်းဌာနအချို့တွင် ရေးသားဖော်ပြခဲ့သည်။
မွန်ပြည်နယ်အတွင်းက ရွေးကောက်ခံကိုယ်စားလှယ်(၁၄)ဦးသည် NUG၊ CRPH တို့နှင့် ပတ်သက်ခြင်းမရှိကြောင်း လက်မှတ်ထိုးခဲ့ရခြင်းဖြစ်ကာ MUP မှ ၁၁ ဦးနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)မှ ၃ ဦးတို့ လက်မှတ်ရေးထိုး ခဲ့သည်ဟု သိရသည်။
MUP မှ နှုတ်ထွက်ထားသည့် ရွေးကောက်ခံကိုယ်စားလှယ်တစ်ဦးဖြစ်သူ နိုင်မွန်ရာဇာက လက်မှတ်ရေးထိုးသည့် အချက်များတွင် နိုင်ငံရေးမလုပ်တော့ဘူးဆိုသည့်အချက် မပါဝင်ကြောင်း ၎င်းကဆိုသည်။
“အဲဒီမှာ ဖေဖော်ဝါရီနောက်ပိုင်းပေါ့နော်။ ဒီ စကစ က တာဝန်ယူအာဏာယူပြီးတဲ့နောက်ပိုင်းပေါ့နော်။ CRPHတို့ NUGနဲ့တော့ ပတ်သက်မှုမရှိဘူးပေါ့နော်။ အဲဒါက ခံဝန်လက်မှတ်ထိုးခဲ့ကြတာပေါ့။ အဲဒီမှာ နိုင်ငံရေး မလုပ် တော့ဘူးဆိုတဲ့ အချက်တွေ မပါဘူးခင်ဗျ။ အဲဒီအချက်လုံးဝမပါဘူး” ဟု နိုင်မွန်ရာဇာ CNI သို့ ပြောသည်။
NUG၊ CRPH တို့နှင့်ပတ်သက်ခြင်းမရှိကြောင်း လက်မှတ်ထိုးခဲ့ရသည့် NLD ပါတီမှ ရွေးကောက်ခံ ကိုယ်စားလှယ် များမှာ ဒေါ်နွယ်နွယ်အောင်၊ ဒေါက်တာ ထိန်လင်းနှင့် ဦးရွှေမြင့်တို့ဖြစ်ကြောင်းသိရသည်။
နိုင်စံတင်က “ကျနော်တို့ အခုလက်ရှိ ကျနော်တို့ပါတီမှာ ရှိတယ်။ ပါတီရှိလို့ နိုင်ငံရေးလုပ်တာပေါ့ဗျ။ မဟုတ်ဘူး လား။ ပါတီမှာတာဝန်ရှိတယ်လေ။ အဲဒါကြောင့် နိုင်ငံရေးမလုပ်ဘူးလို့ ပြောတဲ့လူက ဟုတ်ပါရဲ့လားဆိုတာ ခင်ဗျား စဉ်းစားကြည့်ပေါ့ဗျာ” ဟုဆိုသည်။
နစက၏ မတရားအသင်းအဖြစ် ကြေညာခံထားရသည့် CRPH၊ NUG စသည့်အဖွဲ့များနှင့် မပတ်သက်ကြောင်း ရွေးကောက်ခံအမတ်များ လက်မှတ်ထိုးကြရန် နစကပြည်ထဲရေးဝန်ကြီးဌာနမှ ၂၀၂၁ ခုနှစ် မေလ၂၄ တွင် စာထုတ်ခဲ့ကြောင်း သိရသည်။