တိုင်ပေ၊အောက်တိုဘာ ၁၈

ယခင်သီတင်းပတ်က ထိုင်ဝမ်ရေလက်ကြားကို ဖြတ်သန်းလျက် စစ်သင်္ဘောများ စေလွှတ်ခဲ့ခြင်းအပေါ် အမေရိကန်နှင့်ကနေဒါနိုင်ငံတို့ကို တရုတ်စစ်ဘက်က ပြစ်တင်ရှုတ်ချလိုက်ပြီး မြောက်အမေရိကနိုင်ငံများ အနေဖြင့် မိမိတို့ဒေသတွင်း တည်ငြိမ်အေးချမ်းမှုကို ခြိမ်းခြောက်နေကြောင်း ပြောကြားခဲ့သည်ဟု အယ်လ်ဂျာဇီးယားသတင်းဌာနက ရေးသားဖော်ပြသည်။

တရုတ်ပြည်မကြီးနှင့်ထိုင်ဝမ်ကျွန်းကြားရှိ ရေလက်ကြားတွင် သင်္ဘောသွားလာမှုအခြေအနေနှင့် လမ်းကြောင်း တလျှောက်ကို တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်၏ အရှေ့ဖျားစစ်ဒေသကွပ်ကဲရေးက စောင့်ကြည့်နေသည်ဟု ဆိုသည်။

အောက်တိုဘာ ၁၄ ရက်နှင့် ၁၅ ရက်တို့၌ အာလိဘာ့ခ်အတန်းအစား(Arleigh Burke-class)အတန်းအစား ပဲ့ထိန်း ဒုံးကျည်ဖျက်သင်္ဘောဖြစ်သည့် ယူအက်စ်အက်စ် ဒီဝေး (USS Dewey) သည် ကနေဒါရှေးခေတ်စစ်သင်္ဘော HMCS ဝင်နီပက် (Winnipeg) စစ်သင်္ဘောနှင့်အတူ ယှဉ်တွဲလျက် ထိုင်ဝမ်ကျွန်းနှင့် အိမ်နီးချင်းတရုတ်ပြည်မကြီးတို့ ခွဲခြား ထားသည့် ကျဉ်းမြောင်းလှသော ရေလက်ကြားအတိုင်း ခုတ်မောင်းသွားလာခဲ့ကြောင်း အမေရိကန် စစ်ဘက်က ပြောကြားခဲ့သည်။
လစဉ်တိုင်း အမေရိကန်ရေတပ်သင်္ဘောများသည် အဆိုပါရေလက်ကြားသို့ ဖြတ်သန်းနေတတ်သဖြင့် ဘေဂျင်းကို အမျက်တော်ရှစေခဲ့သည်။ အလားတူ ဗြိတိန်အပါအဝင် အမေရိကန်မဟာမိတ်များကလည်း ရံဖန်ရံခါ ထိုင်ဝမ် ရေလက်ကြားသို့ သင်္ဘောများ စေလွှတ်တတ်သည်။

၎င်း ရေလက်ကြားတလျှောက် တင်းမာမှုများပြားလာသော်လည်း ပစ်ခတ်မှုတော့ မရှိသေးပေ။ တရုတ်တိုက် လေယာဉ်များက ထိုင်ဝမ်ဝေဟင်ပိုင်နက်အတွင်းသို့ မဝင်သေးဘဲ ကျွန်း၏ လေကြောင်းကာကွယ်ရေးဇုန် အနောက်တောင်ပိုင်းသို့ အာရုံစိုက်၍ မကြာမကြာ ပျံဝဲမှုများ ရှိနေသည်။

ထိုင်ဝမ်ဝေဟင်ပိုင်နက်အပါအဝင် လေကြောင်းကာကွယ်ရေးဇုန်အတွင်း မည်သည့်ခြိမ်းခြောက်မှုမဆို အချိန်နှင့်တပြေးညီ သိရှိတုံ့ပြန်နိုင်ရန် ထိုင်ဝမ်အနေဖြင့် စောင်ကြည့်ခြင်းနှင့်ကင်းလှည့်ခြင်းများ ကျယ်ကျယ် ပြန့်ပြန့် လုပ်ဆောင်လျက်ရှိသည်။

J-16 တရုတ်တိုက်လေယာဉ်နှစ်စင်းနှင့် ရေငုပ်သင်္ဘောဖျက်လေယာဉ်တစ်စင်းတို့ ထိုင်ဝမ် လေကြောင်းဇုန် အတွင်းသို့ ထပ်မံပျံသန်းခဲ့သေးကြောင်း အောက်တိုဘာ ၁၇ ရက်တွင် ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။