CNI News

၂၀၂၁ ခုနှစ်၊အောက်တိုဘာ ၁၈

အဆိုတော် ဟန်ထူးလွင် (ခ) ကျားပေါက်ကို သားအဖြစ်မှ အမွေပြတ်စွန့်လွှတ်ကြောင်း မိဘများဖြစ်သည့် အဆိုတော် ရင်ဂို (ခ) ဦးမောင်မောင်လွင်နှင့် ဒေါ်မွန်မွန်ကျော်တို့က ပြန်ကြားရေးဝန်ကြီးဌာနအောက်ရှိ ကြေးမုံသတင်းစာမှာ အမွေပြတ်စွန့်လွှတ်ကြောင်း ထုတ်ပြန် ကြေညာခဲ့သည်။

အဆိုပါ ထုတ်ပြန် ကြေညာချက်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်နေ ဦးမောင်မောင်လွင်+ ဒေါ်မွန်မွန်ကျော်တို့၏ လွှဲအပ်ညွှန်ကြားချက်အရ အောက်ပါအတိုင်း အကြောင်းကြားသိစေအပ်ပါသည်ဟု ဆိုထားသည်။

ထို့နောက် ကျွနုပ်မိတ်ဆွေတို့၏ သားဖြစ်သူ မောင်ဟန်ထူးလွင်(၇/တငန(နိုင်)၁၀၇၄၂၇)သည် မိဘ၏ ဆိုဆုံးမ မှုအား နားမထောင်ဘဲ ၎င်းသဘောဆန္ဒအလျောက်နေအိမ်မှထွက်ခွာသွားပါသဖြင့် ယနေ့မှစ၍ သားအဖြစ်မှ အမွေပြတ် စွန့်လွှတ်လိုက်ပါကြောင်းနှင့် နောက်နောင် ၎င်းနှင့်ပတ်သက်သော ကိစ္စအဝဝများအား တာဝန်ယူ ဖြေရှင်းပေးမည်မဟုတ်ပါကြောင်း အများသိစေရန် ကြေညာအပ်ပါသည် (စုံစမ်းမေးမြန်းခြင်းသည်းခံပါ)ဟု ဆို ဖော်ပြထားသည်။

အဆိုတော် ဟန်ထူးလွင်(ခ)ကျားပေါက်သည် နွေဦးတော်လှန်ရေးလှုပ်ရှားမှုတွင် ပါဝင်လျက်ရှိပြီး သက်ဆိုင်ရာ ဌာနများ၏ ရာဇသတ်ကြီးဥပဒေ ၅၀၅(က)ဖြင့် အမှုဖွင့်ခံထားရသည်။