၂၀၂၁ ခုနှစ်၊အောက်တိုဘာ ၁၅

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများသည် လက်ရှိတာဝန်ယူထားသူများကို ရွေးကောက်ခံ အစိုးရမဟုတ်သည့် အတွက် တွေ့ဆုံဆွေးနွေးရန်မလိုဟူသည့် အယူအဆများ လက်တွေ့ကျကျသုံးသပ်ရန်လိုသည်ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(နစက)ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

ယနေ့ (အောက်တိုဘာ ၁၅ ရက်နေ့)ကျရောက်သည့် NCA ရေးထိုးခြင်း ၆ နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မိန့်ခွန်းပြောစဉ် အထက်ပါအတိုင်း ထည့်သွင်းပြောခဲ့ခြင်းဖြစ်သည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “ဒီနေရာမှာ အချို့သော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများအနေနဲ့ လက်ရှိ အစိုးရဟာ ရွေးကောက်ခံ အစိုးရမဟုတ်လို့ တွေ့ဆုံဆွေးနွေးစရာမလိုဘူးဆိုတဲ့ အယူအဆတွေ၊ ငြိမ်းချမ်းရေးကို အပြည့် အဝ အကောင် အထည်ဖော်ပေးနိုင်မှာမဟုတ်ဘူးဆိုတဲ့ အယူအဆတွေနဲ့ပတ်သက်ပြီး စိတ်ကူးယဉ်မဆန်ပဲ လက်တွေ့ကျ ကျ သုံးသပ်ဖို့လိုပါတယ်”ဟု ပြောသည်။

တပ်မတော်က ဖေဖော်ဝါရီ ၁ ရက်နေ့ နိုင်ငံတော်အာဏာကို ရယူလိုက်ပြီးနောက် တွေ့ဆုံဆွေးနွေးမှုများ မလုပ်ဘဲ ရပ်ဆိုင်း ထားရန် PPST က ထုတ်ပြန်ထားကြောင်း၊ ယနေ့ (အောက်တိုဘာ ၁၅ ရက်) နိုင်ငံရေးပြဿနာများကို တွေ့ဆုံဆွေးနွေး ဖြေရှင်းကြရန် တိုက်တွန်းခြင်းက လက်ရှိနိုင်ငံရေးပဋိပက္ခများကို ဆွေးနွေးအဖြေရှာရန် တိုက်တွန်းခြင်းဖြစ်ကြောင်း၊ NCA အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင်ထဲက နိုင်ငံရေးဆွေးနွေးမှုများကို ရပ်ဆိုင်းထားခြင်းဖြစ်ကြောင်း၊ ထိုအချက် နှစ်ချက်ကို ရှင်းရှင်းလင်းလင်း သိစေလိုကြောင်း PPST ၏ ပြောရေးဆိုခွင့်ရှိသူ ဦးခွန်မြင့်ထွန်းက CNI သတင်းဌာနသို့ ပြောသည်။

ဦးခွန်မြင့်ထွန်းက “သူတို့က ရွေးကောက်ခံ အစိုးရမဟုတ်ဘူးလို့ ပြောတဲ့အတွက် ကျနော်တို့ NCA အရလည်း ဆွေးနွေးလို့ မရပါဘူး။ ဘာဖြစ်လဲဆို လူထုက ရွေးကောက်တင်မြောက်ထားတဲ့ အစိုးရမရှိဘူး၊ လူထုက ရွေးကောက်တင်မြောက်တဲ့ လွှတ်တော် အမတ်လည်းမရှိဘူး၊ မရှိဘဲနဲ့ NCA ထဲက နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်ကို ကျနော်တို့ ဆွေးနွေးဖြေရှင်း လို့လည်း မရပါဘူး။ ဒါကြောင့်မလို့ စစ်ကောင်စီက နိုင်ငံရေးပြဿနာကို အင်အားသုံးဖြေရှင်းတာကို ဆန့်ကျင်ကန့်ကွက် တယ်၊ စစ်ကောင်စီနဲ့ နိုင်ငံရေးမဆွေးနွေးဘူးလို့ ကျနော်တို့ ပြောခဲ့တာ ဖြစ်ပါတယ်။ဒီနေ့ ထုတ်ပြန်ကြေညာချက်ထဲမှာ ကျနော်တို့ ဆွေးနွေးဖို့ ပြောတာက လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအကျပ်အတည်းတွေ၊ ကျနော်တို့တိုင်းပြည်မှာ ဖြစ်ပေါ် နေတဲ့ နိုင်ငံရေးအကျပ်အတည်း အပါအဝင် အထွေထွေအကျပ်အတည်းတွေကို ဖြေရှင်းနိုင်ဖို့ သက်ဆိုင်သူ အားလုံး ပါဝင်တဲ့ ဆွေးနွေးပွဲတွေဖြစ်ဖို့ဆိုတာ ထုတ်ပြန်တာဖြစ်ပါတယ် ”ဟု CNI သတင်းဌာနသို့ ပြောသည်။

လက်ရှိတွင် တစ်နိုင်ငံလုံးအပစ်အခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)သည် ရပ်တန့်နေပြီး အလုပ်မလုပ်ဘဲ ဖြစ်နေကြောင်း သို့သော် တချို့အဖွဲ့အစည်းများက NCA ကို နိုင်ငံရေးထွက်ပေါက်အဖြစ် ကြည့်နေမှာလည်း အမှန်ပဲဖြစ် ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးက ပြောသည်။

ဦးမောင်မောင်စိုးက “အဲတာကြီးက ပြောရင် ရှည်တယ်ဗျ၊ ကျနော့်အမြင်ပြောမယ်ဆိုရင် အားလုံးကိုခြုံပြီး NCA နဲ့ ပတ်သက်ပြီး ပြောမယ်ဆိုရင် ပထမအချက် လောလောဆယ်မှာတော့ NCA ဟာ ရပ်တန့်နေပါတယ်၊ အလုပ်မလုပ်ပါဘူး။ နံပါတ်နှစ် NCA အတိုင်းသွားဖို့ အတွက် အခုချိန်မှာ ပြန်စဖို့ဆိုတာကလည်း တော်တော်အခက်အခဲရှိပါတယ်။ လွယ်ကူဖို့ ခဲယဉ်းပါတယ်။ နံပါတ်သုံးအချက် အနေနဲ့ ပြောမယ်ဆိုရင် လောလောဆယ်မှာ NCA ကို နိုင်ငံရေးထွက်ပေါက်အဖြစ် တချို့ အဖွဲ့အစည်းတွေကဖြစ် ကြည့်နေ ကြမှာ အမှန်ပါပဲ”ဟု CNI သတင်းဌာနသို့ ပြောသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(နစက)က ရပ်တန့်နေသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ပြန်လည် အကောင်အထည် ဖော်နိုင်ရေးအတွက် အဆင့် ၃ ဆင့် ချမှတ်၍ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဟု ထုတ်ပြန် ပြောကြားထား သည်။

NCA စာချုပ်ကို ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)၊ကရင်အမျိုးသားအစည်းအရုံး(KNU)၊ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်(DKBA)၊ ကရင်အမျိုးသားအစည်း အရုံး/ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-ငြိမ်းချမ်းရေး ကောင်စီ(KNU/KNLA-PC)၊ ရခိုင်ပြည်နယ်လွတ်မြောက်ရေးပါတီ(ALP)၊ ပအိုဝ်းအမျိုးသားလွတ် မြောက်ရေးအဖွဲ့ချုပ်(PNLO )၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF)၊ ချင်းအမျိုးသားတပ်ဦး(CNF)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ လားဟူဒီမိုကရက်တစ်အစည်း အရုံး(LDU)တို့ လက်မှတ်ရေးထိုးထားကြသည်။