၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၁၂

ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ်တွင် တအာင်းဥပဒေ အထောက်အကူပြုအဖွဲ့ (Ta'ang Legal Aid)မှ ဦးစီးပြီး တအာင်း ဥပဒေအကယ်ဒမီကျောင်းကို ၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၁၁ ရက်တွင် ဖွင့်လှစ်ခဲ့သည်။

တအာင်းဒေသတွင်း ဥပဒေပညာရှင်များ ပေါ်ထွန်းလာရန်နှင့် တရားဥပ‌ဒေစိုးမိုးရေး ပိုမိုရရှိနိုင်ရန် ရည်ရွယ်၍ ဖွင့်လှစ်ခြင်း ဖြစ်သည်ဟု တအာင်းဥပဒေ အထောက်အကူပြုအဖွဲ့မှ ဒါရိုက်တာ မိုင်းကောင်းဟာဝ်က CNI သတင်း ဌာနသို့ ပြောသည်။

မိုင်းကောင်းဟာဝ်က “အဓိက ရည်ရွယ်ချက်ကတော့ နံပတ်(၁) ကတော့ ဥပဒေပညာရှင်တွေ ပေါ်ထွန်းလာဖို့၊ နံပတ် (၂) ကတော့ တရားဥပဒေစိုးမိုးရေး ပိုမိုရရှိနိုင်ဖို့အတွက်၊ နံပတ် (၃) ကတော့ ကျနော်တို့ တအာင်းဒေသမှာ တောင်ပေါ်ဒေသမှာ အသိပညာတွေ ရရှိပြီးတော့ ဒီဥပဒေတွေကို တကယ်လိုက်နာဖို့ တကယ်လိုက်နာတဲ့ သူတွေ၊ ဒီဥပဒေကို တက်ကျွမ်းတဲ့ သူတွေ ရှိလာဖို့အတွက်ပါပဲ အဓိကတော့” ဟု ပြောသည်။

တအာင်းဥပဒေ အကယ်ဒမီကျောင်းကို ပြည်တွင်း/ ပြည်ပမှ ဥပဒေပညာရှင်များ သင်ကြားပို့ချမည်ဖြစ်ပြီး အပတ်စဉ် (၁) အတွက် ကျောင်းသား/ ကျောင်းသူ (၃၀) ဝန်းကျင် ခေါ်ယူမည်ဟု သိရသည်။

တက္ကသိုလ်ဝင်တန်း အောင်မြင်ထားပြီးသူ မည်သူမဆို လျှောက်ထားနိုင်ပြီး အသက် (၁၈) နှစ်မှ (၂၅) နှစ်ကြား ဖြစ်ရမည်ဟု ဆိုသည်။

တအာင်းလူငယ်တစ်ဦးဖြစ်သူ လွေးခင်ဦးကတော့ ယခုလို တအာင်းဥပဒေ အကယ်ဒမီကျောင်း ဖွင့်လှစ်လိုက်သည့်အတွက် တအာင်းဒေသမှာ ဥပဒေကျောင်းသားများ ပေါ်ထွက်လာပြီး ကျေးရွာများတွင် ဖြစ်ပွားနေသည့် ဥပဒေမဲ့ ပြုကျင့်မှု ပြဿနာ များ လျော့နည်းလာနိုင်သည်ဟု ဆိုသည်။

လွေးခင်ဦးက “တကယ်တမ်းပြောမယ်ဆို မိုင်ဂျာယန်လည်း အဲလိုမျိုး ကျောင်းဖွင့်ထားတယ်ပေါ့နော်။ အဲလိုမျိုးကျောင်း တချို့လူငယ် တွေက အဲလောက်အထိ မသွားနိုင်ဘူး။ လားရှိုးလောက်မှာဆိုရင်လည်း အဆင်ပြေတယ်။ လူငယ် တစ်ယောက်အတွက် သူ့အတွက် ပိုပြီး အဆင်ပြေမယ်လို့ ထင်တယ် ဒီကျောင်းက။ သူတို့အတွက် အခွင့်အလမ်းတစ်ခု ဖြေလျော့ နိုင်မလား ဆိုတာတော့ ဥပဒေသိထားရင် ကိုယ့်အတွက်တော့ အဆင်ပြေတယ်ပေါ့။ ရွာမှာ ဖြစ်နေတဲ့ပြဿနာတွေ ကို ကိုယ်ကိုယ်တိုင် ဖြေရှင်းနိုင်မယ်၊ ကြီးတဲ့ ပြဿနာတွေ သေးသွားအောင် အဲလိုမျိုး ပုံစံမျိုးနဲ့ပေါ့” ဟု ပြောသည်။

တအာင်းဥပဒေ အကယ်ဒမီကျောင်းကို အခြား တိုင်းရင်းသားလူငယ်များ တက်ရောက်နိုင်ရန် ဖွင့်လှစ်ပေးထားသည့်အတွက် အင်မတန်ကောင်းမွန်ကြောင်း၊ မိမိအနေဖြင့်လည်း ဝင်ခွင့် လျှောက်ထားသွားမည်ဟု လွေးခင်ဦးက ဆိုသည်။

တအာင်းဥပဒေ အကယ်ဒမီကျောင်းကို သင်ကြားမှုကာလ (၁၈)လ သတ်မှတ်ထားကြောင်းသိရသည်။ အဆိုပါ ကျောင်းတွင် ပြည်တွင်းနှင့် နိုင်ငံတကာ ဥပဒေဆိုင်ရာ ဘာသာရပ်များအပြင် လူ့အခွင့်အရေးဆိုင်ရာ ဘာသာရပ်များ၊ ကွန်ပြူတာ၊ အင်္ဂလိပ် ဘာသာရပ်များ စသည်တို့ကို သင်ကြားပေးမည်ဖြစ်ကြောင်း၊ သင်ကြားမှု ပြီးမြောက်သူကို ဥပဒေ ဒီပလိုမာဘွဲ့ ပေးအပ်သွားမည်ဟု သိရသည်။

တအာင်းဥပဒေ အထောက်အကူပြုအဖွဲ့မှ ဒါရိုက်တာ မိုင်းကောင်းဟာဝ်က “ကျနော်တို့ ဒီတိုင်းရင်းသားဒေသမှာ အများ အားဖြင့် ဥပဒေအသိပညာတွေ အရမ်းအားနည်းတယ်။ ဥပဒေအသိပညာ အရမ်းအားနည်းတဲ့ အခါကြတော့ တရားဥပဒေ စိုးမိုးရေးတွေလည်း အားနည်းတယ်။ အဲဟာကလည်း လူ့အဖွဲ့အစည်းနဲ့ သွားပြီး Link သွားပြီး ချိတ်ဆက်နေတာပေါ့။ အဲဟာ တွေ အားနည်နေတယ်ဆိုရင် ဒီအဖွဲ့အစည်းက ဖွံ့ဖြိုးတိုးတက်နိုင်ဖို့ သွားပြီး အဟန့်အတားဖြစ်စေတယ်။ အားကြောင့်မို့ ကျနော်တို့ ဒီကျောင်းကို ဖွင့်လှစ်လိုက်ရင်‌ တော့ နိုင်ငံတကာ ဥပဒေအသိအမြင်၊ အတွေးအခေါ်တွေ ရလာနိုင်ပြီးတော့မှ လူ့အဖွဲ့အစည်း လူ့အသိုင်းအဝိုင်းကို ပိုမိုကောင်းမွန်အောင် အထောက်အပံ့ ဖြစ်လိမ့်မယ်လို့ မျော်မှန်းထားတယ်” ဟု ပြော သည်။

ကချင်လွတ်လပ်ရေးအဖွဲ့ချုပ်(KIO) ထိန်းချုပ်ဒေသ မိုင်ဂျာယန်တွင် ဖွင့်လှစ်ထားသည့် ဖက်ဒရယ်ဥပဒေအကယ်ဒမီကျောင်း ပြီးလျှင် တအာင်းဥပဒေအကယ်ဒမီကျောင်းသည့် တိုင်းရင်းသားဒေသတွင် ဖွင့်လှစ်သင်ကြားသည့် ဒုတိယမြောက် ဥပဒေ အကယ်ဒမီကျောင်းဖြစ်သည်ဟု သိရသည်။

အဆိုပါ တအာင်းဥပဒေအကယ်ဒမီကျောင်း ဌာနဆိုင်ရာများသို့ ကျောင်းဖွင့်လှစ်ခွင့် ပြုရေး လျှောက်ထားခြင်းတော့ မရှိ သေးကြောင်း သိရသည်။