CNI News

၂၀၂၃ ခုနှစ်၊ ဇူလိုင် ၂၂

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) မှ ယနေ့ (ဇူလိုင် ၂၂ ရက်)နေ့မှာ နွေဦးဖွံ့ဖြိုးရေးဘဏ်ကို စတင် အသုံးပြုမည် ဖြစ်ကြောင်း ဇူလိုင် ၂၀ ရက်က ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် NUG ၏ စီမံဘဏ္ဍာဝန်ကြီး ဦးတင်ထွန်း နိုင်က ပြောကြားခဲ့သည်။

ပြည်သူများ ပိုင်ဆိုင်သည့် ဘဏ်များတွင် အပ်နှံစုဆောင်းထားသော ငွေများကို နစကမှ ခြိမ်းခြောက်မှုများ လုပ်ဆောင်နေကြောင်း၊ ပြည်သူများ၏ ဘဏ္ဍရေးဆိုင်ရာ လုံခြုံမှု၊ ကိုယ်ရေး အချက်အလက် ပိုင်းဆိုင်ရာ လုံခြုံ မှုများကို ကာကွယ်ရန် တာဝန်ရှိကြောင်း၊ ထို့ကြောင့် နွေဦးဖွံ့ဖြိုးရေးဘဏ်ကို စတင်စဉ်းစားခဲ့ကြောင်း ၎င်းက ပြောသည်။

ဦးတင်ထွန်းနိုင်က “တကယ်က ကျနော်တို့ အနေနဲ့ အာဏာသုံးပါးလုံးကို လွှမ်းခြုံပြီးတော့ ဒီနွေဦးဖွံ့ဖြိုးရေးဘဏ် ကို ထူထောင်တာ ဖြစ်ပါတယ်၊ အာဏာသုံးပါးဆိုတာတော့ ‌တော်လှန်‌ရေးကာလရယ်၊ ပြီးလို့ရှိရင် ကျနော်တို့ အသွင်ကူးပြောင်းရေးကာလပေါ့၊ နောင်အနာဂတ်မှာ ဖက်ဒရယ်တိုင်းပြည်ကို ပြန်လည်ပြီးတော့ ဖက်ဒရယ်စနစ်နဲ့ ပြန်လည်ထူထောင်မယ့် ကာလအထိ ကျနော်တို့က ဒါကို ရည်ရွယ်ပြီးတော့ ထူထောင်တာ ဖြစ်ပါတယ်” ဟုပြောသည်။

ဦးတင်ထွန်းနိုင်ကိုတွေ့ရစဉ်

ဘဏ်သုံးစွဲသူ ပြည်သူလူထုများ၏ လုံခြုံရေးသည် ပထမဖြစ်ကြောင်း၊ သုံးစွဲမှုများ လုံခြုံမှုရှိစေရေးအရ မှတ်ပုံတင် နှင့် အခြားသော အချက်အလက်များကို တောင်းခံခြင်း မရှိကြောင်း ၎င်းက ပြောသည်။

ဘဏ်တစ်ခု ဖွင့်လှစ်ပါက ချေးငွေ၊ ထုတ်ငွေ၊ ငွေသွင်း၊ ရှိရမည်ဖြစ်ကြောင်း၊ ပြည်သူများအနေဖြင့် တိကျမှန်ကန် သည့် လုပ်ငန်းကို လုပ်စေချင်ကြောင်း စီးပွားရေး လေ့လာသုံးသပ်သူ ဦးသက်ဇော်က CNI သတင်းဌာနသို့ ပြော သည်။

၎င်းက “နွေဦးဖွံ့ဖြိုးရေးဘဏ်ဖွင့်၊ သူ့ဟာသူ ဘဏ်ပဲ ဖွင့်ဖွင့်လေ၊ ဘဏ်ဆိုတာက တည်နေရာရှိရမယ်၊ လိပ်စာရှိရ မယ်၊ ဘယ်ဘဏ်လက်အောက်မှာ ဗမာပြည်မှာ မရှိရင်လည်း ဘယ်နိုင်ငံရဲ့ လက်အောက်မှာ ရှိရမယ်ဆိုတာ တိကျ တဲ့ အဖြေတစ်ခုတော့ ပေးရမယ်လေ၊ ဘဏ်ဆိုတာ ပါးစပ်လေးနဲ့ ဘဏ်ဖွင့်၊ အကောင့်တော့ ဖွင့်လို့ရမယ်၊ နွေဦး ဖွံ့ဖြိုးရေးဘဏ် အကောင့်ဆိုပြီးမှပဲ နိုင်ငံခြားဘဏ်မှာ ဖွင့်ခွင့်ရှိမယ်၊ ဘဏ်အနေနဲ့ သွားခွင့်မရှိဘူးလို့ ဆရာတို့ မြင် တယ်၊ အဲဒါကို ဘာမှ သက်သေခိုင်မာမှု မရှိဘဲနဲ့ ကိုယ့်ဟာကိုယ် ဆောင်ရွက်ချင်တဲ့ သူရှိရင်လည်း ကိုယ့်သဘောနဲ့ ကိုယ်ပေါ့နော်၊ ဆရာတို့ကတော့ ခိုင်ခိုင်မာမာ ဖြစ်စေချင်တယ်၊ တိကျမှန်ကန်တဲ့ လုပ်ငန်းကို လုပ်စေချင်တယ်၊ ပြည်သူတွေ အလိမ်မခံစေချင်ဘူးဆိုတဲ့ message တော့ ပေးချင်တယ်” ဟု ပြောသည်။

NUG ၏ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနမှ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၆ ရက်က NUG Pay ကို ထုတ်ဝေခဲ့ပြီး လက်ရှိတွင် နွေဦးဖွံ့ဖြိုးရေးဘဏ်ကို ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။