CNI International News

ဝါရှင်တန်၊ ဇူလိုင် ၂၂

အမေရိကန်မှ ထောက်ပံ့သည့် အငြင်းပွားဖွယ်ရာ ဗုံးတွဲ (cluster munitions)များကို ယူကရိန်းတပ်ဖွဲ့များက ရုရှားကျူးကျော်မှုကို တန်ပြန်ထိုးစစ်ဆင်ရာတွင် ထိရောက်စွာ အသုံးချနေသည်ဟု အမေရိကန်၏ အကြီးတန်း ကာကွယ်ရေးအရာရှိတစ်ဦး၏ ပြောကြားချက်အား အယ်ဂျာဇီးလ်ယားမှ ဖော်ပြခဲ့သည်။ 

“ယူကရိန်းတွေဆီက သတင်းပြန်ကြားရတယ်။ သူတို့က ဗုံးတွဲတွေကို ထိထိရောက်ရောက် အသုံးပြုနေတာပဲ”ဟု အိမ်ဖြူတော် အမျိုးသားလုံခြုံရေးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဂျွန်ကာဘီ(John Kirby)က ပြောသည်။ 

နိုင်ငံပေါင်း ၁၂၀ ကျော်က ပိတ်ပင်တားမြစ်ထားသည့် အဆိုပါ ဗုံးတွဲများမှာ ရုရှားစစ်ကြောင်းများအပေါ် အကျိုး သက်ရောက်မှု ရှိသည်ဟု ဂျွန်ကာဘီက ပြောသည်။ 

ယူကရိန်းနိုင်ငံအတွင်းမှာတွေ့ရတဲ့ ဒုံးကျည်အခွံ

ဝါရှင်တန်ပို့စ် သတင်းစာက အမည်မဖော်ပြသည့် ယူကရိန်း သတင်းရင်းမြစ်ကို ကိုးကားဖော်ပြရာတွင် ယူကရိန်း တပ်ဖွဲ့၏ နွေရာသီထိုးစစ်ကို နှောင့်နှေးစေသော အခိုင်အမာကာထားသည့် ရုရှားတပ် စခန်းများကို အမေရိကန် ထောက်ပံ့ပေးသည့် ဗုံးတွဲများဖြင့် တိုက်ခိုက်နေသည်ဟု ဆိုသည်။ 

ယူကရိန်း၏ တန်ပြန်ထိုးစစ်မှာ နှေးကွေး ခက်ခဲလိမ့်မည် ဖြစ်သော်လည်း ရုရှားတပ်ဖွဲ့များကို စစ်မြေပြင်တွင် အသာစီး မရအောင် တားဆီးထားနိုင်သည်ဟု ယူကရိန်း၏ သမ္မတအကြံပေး မစ်ခေးလို ပိုဒိုလက် (Mykhailo Podolyak)က ပြောသည်။ 

ယူကရိန်းနိုင်ငံအတွင်းမှာတွေ့ရတဲ့ ဒုံးကျည်အခွံ

ထို့နောက် နိုင်ငံအတော်များများမှ ပိတ်ပင်ထားသည့် ဗုံးတွဲများကို စစ်မြေပြင်တွင် အသုံးပြုနေခြင်းကြောင့် အမေရိကန်နှင့် ယူကရိန်းသည် နိုင်ငံတကာ၏ ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်မှုကို ခံနေရသည်။ 

ရုရှားက ဗုံးတွဲများကို တရားလွန် အသုံးပြုသောကြောင့် အရပ်သား အများအပြား သေဆုံးထိခိုက်ရသလို ယူကရိန်း ဘက်ကလည်း ရုရှားသိမ်းပိုက်ထားသည့် အစ်ယမ်မြို့ကို ဒုံးကျည်များ၊ ဗုံးတွဲများဖြင့် တိုက်ခိုက်ခြင်းကြောင့် အရပ် သား အနည်းဆုံး ၈ ဦးသေဆုံးပြီး ၁၅ ဦးကျော် ဒဏ်ရာရခဲ့သည်ဟု လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ကြီးက ယခုလ အစောပိုင်းတွင် ပြောကြားထားသည်။ 

Source: အယ်ဂျာဇီးလ်ယား