CNI News

၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၁၀

အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)ဒုတိုင်းမှူး၏ ကိုယ်ရေးအရာရှိ(PSO)နှင့်ယာဉ်မောင်းတို့ အာဏာဖီဆန် ရေးလှုပ်ရှားမှု(CDM)လုပ်သွားခြင်းမရှိဘဲ ပုံမှန်အတိုင်း လုပ်ငန်းတာဝန်များ ဆောင်ရွက်နေသည်ဟု နိုင်ငံတော်စီ မံ အုပ်ချုပ်ရေးကောင်စီ(နစက)သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

နမခ ဒုတိုင်းမှူး ဗိုလ်မှူးချုပ် မျိုးထွဋ်လှိုင်၏ ကိုယ်ရေးအရာရှိနှင့်ယာဉ်မောင်းတို့သည် တပ်တွင်းမှ ထွက်ပြေး သွားသည်ဟု ချင်းလူ့အခွင့်အရေးအဖွဲ့(CHRO)မှ အောက်တိုဘာ ၉ ရက်က ထုတ်ပြန်ခဲ့သည်။

အနောက်မြောက်တိုင်းစစ်ဌာနချုပ် ဒုတိုင်းမှူး၏ PSO နှင့် ကားသမားတစ်ယောက် CDM လုပ်သွားသည်ဟုပြီး မဟုတ်မမှန် ထုတ်လွှင့်နေကြောင်း ဗိုလ်ချုပ် ဇော်မင်းထွန်းက ဆိုသည်။

၎င်းက“ဒီသတင်းဟာ မမှန်ကန်ပါဘူး၊ ကျနော်တို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ် ဒုတိုင်းမှူးရဲ့ PSO ရော၊ ကားသမားရော သူ့တာဝန်သူ ထမ်းဆောင်လျက်ရှိပါတယ်။ အဲဒီမှာတော့ လွန်ခဲ့တဲ့ တစ်လလောက်က ဆက် သွယ်ရေးတပ်ဖွဲ့က စစ်သည်တစ်ယောက်ခွင့်မဲ့ ပျက်ကွက်ဖြစ်သွားတဲ့ ဖြစ်စဉ်ပဲရှိပါတယ်”ဟု ပြောသည်။

ပုံ- နမခတိုင်းမှူး ဗိုလ်မှူးချုပ် ဖြိုးသန့်ကို အောက်တိုဘာ ၈ ရက်က တွေ့ရစဉ်

ထို့နောက် ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကလည်း နမခတိုင်းမှူး ဗိုလ်မှူးချုပ်ဖြိုးသန့် တာဝန်မကျေပွန်သည် အတွက် ဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း၊ စစ်ကြောရေးမှာ စစ်ဆေးမေးမြန်းမှုကြောင့် ကွယ်လွန်သွားပြီး ဖြစ်ကြောင်း၊ CDM လုပ်နိုင်ရေး လူတချို့နှင့် ဆက်သွယ်မှုများပြုလုပ်ခဲ့ကြောင်း စသည့် လူမှုကွန်ရက်ပေါ်များ တွင် ရေးသားထုတ်လွှင့်ခဲ့သည်။

အဆိုပါ ရေးသား ထုတ်လွှင့်မှုများနောက် နမခတိုင်းမှူး ဗိုလ်မှူးချုပ်ဖြိုးသန့်သည် လက်ရှိတာဝန်များကိုထမ်း ဆောင်နေကြောင်း နစက-က ဓာတ်ပုံများနှင့်တကွ ထုတ်ပြခဲ့သေးသည်။

လက်ရှိတွင် အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ) ကွပ်ကဲရသည့် ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး အတွင်းမှာ တပ်မတော်နှင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့များကြား တိုက်ပွဲများ ဖြစ်ပွားနေပြီး တရားဥပဒေစိုးမိုးရေး အားနည်းလျက်ရှိနေသည်။

ထို့ကြောင့် ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးလည်းဖြစ် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်လည်းဖြစ်သူ ဒုတိယ ဗိုလ်ချုပ်ကြီးသန်းလှိုင်နှင့် ဒုတိယဗိုလ်ချုပ်ကြီးတေဇကျော်တို့က ကွပ်ကဲလျက်ရှိကြောင်းလည်း သိရသည်။