၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၁၁
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၃၁ မြို့နယ်ကို ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၈ ရက်နေ့ ရက်စွဲဖြင့် ပုဒ်မ ၁၄၄ အရ လူငါးဦးထက် ပိုမစုရန် တိုင်းဒေသကြီး အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ ထုတ်ပြန်လိုက်သည်။
ပုဒ်မ ၁၄၄ အရ ဒလမြို့နယ်နှင့် ဆိပ်ကြီးခနောင်တို မြို့နယ်များမှအပ ရန်ကုန်စည်ပင်သာယာနယ်နိမိတ်အတွင်း မြို့နယ် ၃၁ ခု ရှိ လမ်းများ၊ ပန်းခြံများ အများနှင့်ဆိုင်သောနေရာများတွင် လူ ၅ ဦး သို့မဟုတ် ၅ ဦး ထက်ပိုသော လူစုလူဝေးများ မပြုလုပ်ကြရန် ည ၁၀ နာရီမှ မနက် ၄ နာရီအတွင်း ညမထွက်ကြရန် တားမြစ်ထားသည်။
၎င်းထုတ်ပြန်ချက်သည် ထပ်မံသက်တမ်းတိုးထုတ်ပြန်ခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ အတွင်း ရေးမှူး ဦးစိုးစိုးဇော်က ပြောသည်။
“ကြာပါပြီ အခုမှ ထုတ်တာမဟုတ်ပါဘူးဗျ၊ နှစ်လတစ်ကြိမ်သက်တမ်းတိုးတာပါ”ဟု ဦးစိုးစိုးဇော်က CNI သို့ ပြောသည်။
အဆိုပါ ထုတ်ပြန်ချက်တွင် ပြည်သူလူထုများအနက်မှ လူအချို့သည် အများပြည်သူလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးကို ထိခိုက်စေရန်ပြုမူ နေသောကြောင့် စီတန်းလှည့်လည်ခြင်း၊ လှုံ့ဆော် ဆန္ဒပြခြင်းများ၊ ဖျက်ဆီးခြင်း၊ ရုန်းရင်းဆန်ခတ်ပြုမူခြင်းများ မပြုလုပ်ကြရန် ရေးသား ထားသည်။
ပုဒ်မ ၁၄၄ အရ အဆိုပါအမိန့်ထုတ်ပြန်ချက်ကို ဖီဆန်၍ အကြောင်းတစုံတရာ ပေါ်ပေါက်လာပါက အနည်းဆုံး အလုပ်မဲ့ ထောင်ဒဏ် ၁ လမှ အများဆုံး အလုပ်နှင့် ထောင်ဒဏ် ၆ လ အထိဖြစ်စေ ငွေဒဏ်ဖြစ်စေ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်သည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ကို ဖေဖော်ဝါရီ ၁ ရက်နေ့တွင် တပ်မတော်မှ အာဏာရယူပြီး ရှစ်ရက် မြောက်နေ့ ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။ ထို ထုတ်ပြန်ချက်တွင် လူ ၅ ဦးထက် ပိုမစုရ၊ ဆန္ဒမပြရဟု ပါဝင်သည်။