တိုကျို၊အောက်တိုဘာ ၁၁

ဂျပန်ဝန်ကြီးချုပ်သစ် ဖူမီယိုကီရှီဒါသည် အောက်တိုဘာ ၁၁ ရက်(ယနေ့)၌ လွှတ်တော်၏ မေးခွန်းများကို ပထမဆုံး ရင်ဆိုင်ခဲ့ရကြောင်း၊ အတိုက်အခံများအနေဖြင့် ကီရှီဒါ၏ လက်ရှိကတိကဝတ်များနှင့်အစီအစဉ်ကို မေးမြန်းရန် ပထမဆုံးအခွင့်အလမ်းရခဲ့ကြောင်း ရိုက်တာသတင်းကို ကိုးကားလျက် Channel News Asia က ရေးသား ဖော်ပြသည်။

အထွေထွေရွေးကောက်ပွဲကို ရက်သတ္တ ၃ ပတ်အတွင်း ကျင်းပရန် စီစဉ်ထားခြင်းကြောင့် ကူးစက်ရောဂါလှိုင်း နောက်ဆက်တွဲကိုင်တွယ်ဖြေရှင်းရန်နှင့် အားနည်းလာသော စီးပွားရေးကို ပြန်လည်တည်ဆောက်ရန်တို့မှာ ဂျပန်လွှတ်တော်အတွင်း အဓိက အချေအတင်ဆွေးနွေးစရာဖြစ်လာခဲ့သည်။

ဂျပန်နိုင်ငံတွင် လက်ရှိကာလ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူအသစ်များ ရှိနေသည့်အပြင် ဆောင်းရာသီမတိုင်မီ ရောဂါကူးစက်ဖြစ်ပွားမှု တိုးလာနိုင်ကြောင်း ကျွမ်းကျင်သူများက သတိပေးနေခဲ့သည်။

ရောဂါစိစစ်စမ်းသပ်မှုကို ချဲ့ထွင်ခြင်းအပေါ် အတိုက်အခံပါတီအနေဖြင့် ယုံကြည်ကြောင်း၊ ပျော့ပျောင်းသည့် lockdown အနှုတ်အသိမ်း၌ တိမ်းစောင်းချွတ်ချော်မှုများကို ရပ်တန့်သင့်ပြီဖြစ်ကြောင်း အတိုက်အခံများက ပြောကြားခဲ့ကြသည်။

အခြားတဖက်တွင်လည်း ကီရှီဒါက “ကိုရိုနာဗိုင်းရပ်စ်မှ ပြန်လည်နာလန်ထူရန် ယန်းငွေသန်းနှင့်ချီ၍ ထိခိုက်နစ်နာမှုများကို ထောက်ပံ့နိုင်မည့်အစီအစဉ်တစ်ရပ်ကို ဂျပန်အစိုးရ ရေးဆွဲလိမ့်မည်” ဟု ပြောကြားခဲ့သည်။

ဆင်းရဲနွမ်းပါးမှုဖြစ်ပေါ်စေသည့် စီးပွားရေးလမ်းကြောင်းဟောင်းမှ ရုန်းထွက်ရန် နည်းလမ်းတစ်ခုအဖြစ် ဆင်းရဲ ချမ်းသာကွာဟချက်ကို ပိတ်ပစ်မည့် “အရင်းရှင်စနစ်သစ်” ဟုလည်း ကီရှီဒါက လွှတ်တော်အတွင်း၌ ကြွေးကြော် ခဲ့သည်။

သို့သော် ၎င်း၏ကတိကဝတ်များအပေါ် လက်တွေ့အားဖြင့် မီးပွားတစ်စဖြစ်နိုင်သည်။ အကြောင်းမှာ ဝန်ကြီးချုပ် အနေဖြင့် တိုင်းပြည်၏အရင်းအနှီးနှင့် အခွန်များအပေါ် ပြန်လည်သုံးသပ်ရမည်ဖြစ်ပြီး အမြတ်ဝေစုများကို ပြန်လည်ခွဲဝေရမည့်နည်းလမ်းများအတွက် ထည့်သွင်းစဉ်းစားစရာများ ရှိနေခြင်းကြောင့်ဖြစ်သည်။

“လောလောဆယ် ငွေရေးကြေးရေးအရ ဝင်ငွေခွန်ကို ထိဖို့ အစီအစဉ်မရှိပါဘူး။ ဒါတွေ အရင်ဆုံးဖြေရှင်းဖို့ တခြားအရာတွေ အများကြီးရှိပါတယ်” ဟု ကီရှီဒါက အောက်တိုဘာ ၁၀ ရက်၌ ဖူဂျီရုပ်သံလိုင်းသို့ ပြောကြား ခဲ့သည်။

အောက်တိုဘာ ၃၁ ရက် အထွေထွေရွေးကောက်ပွဲမတိုင်မီ အတိုက်အခံများအနေဖြင့် ကီရှီဒါ၏ ပါတီ ကြေညာချက်အပေါ်လည်း မေးခွန်းထုတ်နိုင်စရာလည်း ရှိနေသည်။ ရိုက်တာသတင်းဌာနမှ ရရှိထားသော မူကြမ်းတစ်စောင်တွင် အာဏာရလစ်ဘရယ်ဒီမိုကရက်တစ်ပါတီ (LDP) သည် ဖြစ်နိုင်လျှင် ကာကွယ်ရေး အသုံး စရိတ်ကို နှစ်ဆတိုးလိုကြောင်း တွေ့ရသည်။

ဂျပန်သည် လက်ရှိအနေအထားတွင် ပိုမိုကြီးထွားလာနေသော တရုတ်နှင့် မြောက်ကိုရီးယား၏ နျူကလီးယား အစီအစဉ်များကို ရင်ဆိုင်နေရသည်။