၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၁၁

တစ်နိုင်ငံလုံး အပစ်အခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA)လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ(EAOs)အနေဖြင့် NCA ပျက်သွားပြီဆိုတာကို တရားဝင် မပြောထားကြောင်း ရခိုင်ပြည်နယ်လွတ်မြောက်ရေးပါတီ (ALP) မှ ဒေါ်စောမြရာဇာလင်းက CNI သတင်းဌာနသို့ ပြောသည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲ အနိုင်ရပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ကို ဖြုတ်ချပြီး ဖေဖော်ဝါရီ ၁ ရက်နေ့တွင် တပ်မတော်က နိုင်ငံတော်အာဏာကို ရယူခဲ့သည်။ ထို့နောက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် တပ်မတော်- လွှတ်တော်-အစိုးရကြား ဆောင်ရွက်နေသည့် NCA မှာ ပျက်သွားပြီဖြစ်ကြောင်း ပြောဆိုနေကြသည်။

ဒေါ်စောမြရာဇာလင်းက “လူတွေက အထင်နဲ့ အမြင်နဲ့ပဲ ပြောနေကြတာ အခုထိ ရှိနေဆဲလေ။ NCA ကို လက်မှတ်ထိုးတဲ့ထဲမှ EAO (၁၀)ဖွဲ့ဖြစ်တယ်။ EAO (၁၀)ဖွဲ့ကလည်း NCA ပျက်သွားပြီဆိုတာကို တရားဝင် မပြောသေးဘူး။ ထိုနည်းလည်းကောင်း အစိုးရ၊ လွှတ်တော်၊ တပ်မတော်ပါခဲ့တယ်။ အခုလွှတ်တော် မရှိဘူး။ အစိုးရကတော့ အငြင်းပွားတာပေါ့လေ။ တချို့ကလည်း လက်ရှိအစိုးရကို အတည်ယူတယ်။ တချို့ကလည်း အငြင်းပွားနေဆဲဖြစ်တယ်။ ဒါပေမယ့် တပ်မ‌တော်ကတော့ ရှိ တယ်။ တပ်မတော် မရှိဘူးဆိုတာတော့ ပြောလို့မရဘူး။ ဆိုတော့ ဘယ်လိုပဲ ဖြစ်ဖြစ် ကျမတို့ကတော့ ဒီ NCA ဖြစ်ပေါ်လာရ ခြင်း အကြောင်းအရင်းသည် မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ စစ်ရေးပဋိပက္ခကို စစ်ရေးနဲ့ ဖြေရှင်းလို့ မရဘူး။ စစ်ရေးနဲ့ ဖြေ ရှင်းလို့ မရတော့ဘူး။ ဒီမြန်မာနိုင်ငံရဲ့ ပဋိပက္ခကို ကျမတို့ စားပွဲဝိုင်းမှာ အေးအေးဆေးဆေးနဲ့ ဖြေရှင်းဖို့ လိုတယ်” ဟု CNI သတင်းဌာနသို့ ပြော သည်။

ကရင်အမျိုးသားအစည်းအရုံး (KNU)မှ နိုင်ငံခြားရေးတာဝန်ခံ ပဒိုစောတောနီးက ပြဿနာများကို ငြိမ်းချမ်းသောနည်းဖြင့် ဖြေရှင်းလိုသော်လည်း NCA ပါ အချက်အလက်များကို တပ်မတော်မှ လိုက်နာမှုမရှိကြောင်း ပြောသည်။

ပုံ- တိုင်းရင်းသား လက်နက်ကိုင် (၈)ဖွဲ့ဖြင့် NCA လက်မှတ်ရေးထိုးကြစဉ်။

၎င်းက “တကယ်တမ်း လက်တွေ့ ကြုံရတဲ့ အခါကြတော့ NCA ကို တစ်ချက်မှ မလိုက်နာဘူးကွာ။ ပေါက်တတ်ကရ အကုန်လုံး ဖောက်ပြီးတော့ တစ်ချက်မှ ကတိမတည်တဲ့ လူနဲ့ ကျနော်တို့ ဘယ်လိုရှေ့ဆက်သွားမလဲ။ ကျနော်ကတော့ ပြောကို မပြော ချင်တော့ဘူး။ ဒါကြောင့်မို့လို့ ကျနော်ပြောချင်တာက ဒီနိုင်ငံရေးပြဿနာကို ဘယ်လို ဖြေရှင်းမလဲဆိုတာ တခြားနည်းလမ်း ရှိရင်လည်း ကျနော်တို့ ရှာမှာပဲ။ နောက်ပြီးတော့ ဖြစ်နိုင်တဲ့နည်းကို ကျနော်တို့ အတတ်နိုင်ဆုံး လုပ်မယ်။ တစ်ခုသေချာတာ ပြောချင်တာက အာဏာသိမ်းတာ ကျနော်တို့ လုံးဝလက်မခံဘူး။ အာဏာသိမ်းဆန့်ကျင်တဲ့သူနဲ့ ကျနော်တို့ လက်တွဲပြီး လုပ်သွားမယ်။ အခက်အခဲ ဘယ်လိုပဲရှိရှိ စိန်ခေါ်မှု ဘယ်လိုပဲရှိရှိ အတတ်နိုင်ဆုံး နည်းလမ်းတွေနဲ့ လက်ချင်းတွဲပြီးတော့ လုပ်သွားမှာပဲ။ ဒါက လက်ခံလို့ကို မရတဲ့ကိစ္စ ဒါက ကျနော်တို့ရဲ့ သိက္ခာပဲ” ဟု CNI သတင်းဌာနသို့ ပြောသည်။

ထို့နောက် မိမိတို့ KNU အနေဖြင့် တပ်မတော်က အာဏာရယူလိုက်(အာဏာသိမ်းပြီး)ကတည်းက သဘောထား ထုတ်ပြန်ထားပြီးဖြစ်ကာ NCA ကို ခေါင်းထဲ မထည့်ထားတော့ကြောင်း ပဒိုစောတောနီးက ပြောသည်။

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ ရှမ်းပြည်တပ်မတော် (RCSS/ SSA) မှ အတွင်းရေးမှူး-၂ ဗိုလ်မှူးကြီး စိုင်းငင်းက NCA ကို မိမိတို့ အပစ်ရပ်(၁၀)ဖွဲ့ရော၊ တပ်မတော်ရော နှစ်ဖက်စလုံးက ဆုပ်ကိုင်ထားဆဲဟု CNI သတင်းဌာနသို့ ပြောသည်။

ဗိုလ်မှူးကြီး စိုင်းငင်းက “အခုလက်ရှိ နိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းတဲ့နေရာမှာ ကျနော်တို့ RCSS အနေနဲ့က နောက် ဆုံး တနေ့ကျရင် သက်ဆိုင်ရာ အဖွဲ့အစည်းတွေ အား လုံးကနေပြီးတော့ တွေ့ဆုံဆွေးနွေးတဲ့ နည်းလမ်းနဲ့ပဲ အဖြေရှာဖို့က အကောင်းဆုံး နည်းလမ်းလို့ မြင်တာပေါ့။ ဒါကြောင့် ခုနကပြောသလို ကျနော်တို့ RCSS ဖြစ်စေ၊ PPST ဖြစ်စေ၊ တွေ့ဆုံ ဆွေးနွေးရေး နည်းလမ်းကိုပဲ ဦးတည်ပြီးတော့ လက်ရှိ နိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းဖို့ ကြိုးစားနေပါတယ်ဆိုတာကို ပြောကြားလိုပါတယ်”ဟု CNI သတင်းဌာနသို့ ပြောသည်။

လာမည့် အောက်တိုဘာ ၁၅ ရက်တွင် NCA လက်မှတ်ထိုးခဲ့သည့် (၆) နှစ်ပြည့်မည်ဖြစ်သည်။ သို့သော် ယခင်နှစ်များက ကဲ့သို့ နှစ်ပတ်လည်နေ့ အခမ်းအနားများ ပြုလုပ်သွားမည်မဟုတ်ဘဲ လက်ရှိနိုင်ငံရေးနှင့် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ထုတ်ပြန်ချက် သဘောထား ထုတ်ပြန်သွားမည်ဟု ဗိုလ်မှူးကြီး စိုင်းငင်းက ပြောသည်။

ပုံ-NMSP နှင့် LDU တို့ NCA လက်မှတ်ထိုးနေစဉ်။

၂၀၁၅ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်နေ့က NCA စာချုပ်ကို RCSS/SSA၊ KNU၊ ALP၊ ကရင်အမျိုးသားအစည်းအရုံး/ ကရင် အမျိုးသား လွတ်မြောက်ရေးတပ်မတော်-ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)၊ ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော် (DKBA)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO)၊ ချင်းအမျိုးသားတပ်ဦး(CNF)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တပ်ဦး (ABSDF) တို့ လက်မှတ်ထိုးခဲ့ကြသည်။

ထို့နောက် ၂၀၁၈ ခုနှစ်၊ဖေဖော်ဝါရီ ၁၃ ရက်နေ့တွင် မွန်ပြည်သစ်ပါတီ(NMSP)၊ လားဟူ ဒီမိုကရက်တစ် အစည်းအရုံး (LDU) တို့လည်း လက်မှတ်ရေးထိုးခဲ့သည်။

ထို့ကြောင့် NCA စာချုပ်ကို လက်မှတ်ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် (၁၀)ဖွဲ့ရှိပြီး ထိုအပစ်ရပ် (၁၀)ဖွဲ့သည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဉီးဆောင်အဖွဲ့(PPST)ကို ဖွဲ့စည်းကာ လက်ရှိ မြန်မာ့နိုင်ငံရေး အကျပ်အတည်းအား ဖြေရှင်းနိုင်ရေး နည်းလမ်းရှာဖွေလျက်ရှိနေသည်။