CNI News
၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၁၁

မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်နှင့် နိုင်ငံရေးပါတီများ အောက်တိုဘာ ၁၂ ရက်နေ့ (မနက်ဖြန်)မှာ နေပြည်တော်တွင် နေ့လယ် ၁ နာရီခွဲမှာ တွေ့ဆုံ ဆွေးနွေးကြမည်ဟု ဖိတ်ကြားခံရသည့် နိုင်ငံရေးပါတီများက CNI သတင်းဌာနသို့ ပြောသည်။

အဆိုပါ တွေ့ဆုံ ဆွေးနွေးမှုတွင် လက်ရှိ မြန်မာနိုင်ငံမှာ ကြုံတွေ့နေရသော နိုင်ငံရေး အကျပ်အတည်းများကို ဆွေးနွေးကြမည်ဖြစ်သလို အာဆီယံအထူးကိုယ်စား သိရှိလိုသော အခြေအနေများအပေါ် ပြန်လည် ဆွေးနွေး ကြရမည်ဟုလည်း ဆိုသည်။

ဖိတ်ကြားခံရသည့် နိုင်ငံရေးပါတီမှ တာဝန်ရှိသူတစ်ဦးက “အခုလက်ရှိ နိုင်ငံမှာရှိတဲ့ အကျပ်အတည်းကို ဒါကို သက်ဆိုင်တဲ့သူတွေနဲ့တွေ့ဆုံပြီးတော့ ညှိနှိုင်းအဖြေရှာဖို့ဆိုပြီးတော့ ပြီးခဲ့တဲ့ ဧပြီလတုန်းက အင်ဒိုနီးရှားမှာ ဘုံသဘောတူညီချက် ၅ ချက်ရခဲ့တာရှိတယ်လေ။ အဲဘုံသဘောတူညီချက် ၅ ချက်တည်းမှာ တစ်ခုပါတာပေါ့ လေ။ အာဆီယံအထူးကိုယ်စားလှယ် မြန်မာနိုင်ငံသွားပြီးတော့ သက်ဆိုင်တဲ့သူတွေနဲ့ တွေ့ဆုံဆွေးနွေး ညှိနှိုင်း အဖြေရှာကြဖို့ဆိုတဲ့အချက်ပါတာပေါ့လေ။ အဲတာအတွက်ကိုလာတာပေါ့”ဟု ပြောသည်။

အဆိုပါ တွေ့ဆုံ ဆွေးနွေးမှုတွင် နေပြည်တော်မှာ အခြေစိုက်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(US DP)၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ(UBP)၊ အမျိုးသားညီညွတ်သော ဒီမိုကရက်တစ်ပါတီ(NUD)၊ အမျိုးသားနိုင်ငံရေး ဒီမိုကရက်တစ်ပါတီ(DNP)တို့ ပါဝင်ကြမည်ဖြစ်သည်။

အလားတူ ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ(SNDP)နှင့် နောက်ထပ် ပါတီ ၃ ပါတီ အားလုံး စုစုပေါင်း ၈ ပါတီမှာ ကိုယ်စားလှယ်များဖြင့် အာဆီယံအထူးကိုယ်စားလှယ် Mr. Erywan Yusof တို့ တွေ့ဆုံဆွေးနွေးကြမည် ဖြစ်သည်။

ပုံ-၂၀၂၁ ခုနှစ်၊ဧပြီလက ကျင်းပသည့် အာဆီယံထိပ်သီး အစည်းအဝေး

SNDP ပါတီဥက္ကဋ္ဌ စိုင်းအိုက်ပေါင်းက “ ဟုတ်တယ်၊ အဲတာတော့(ဘာတွေဆွေးနွေးမလဲ) မသိသေးဘူး မတွေ့ရသေးဘူး ဆိုတော့လေ။ သူတို့ ဘာတွေပြောမလဲ မသိသေးတော့လေ။ ဘာတွေဆွေးနွေးမယ်ဆိုတာလည်း သူတို့က မပြောဘူး။ နေပြည်တော်က ရွေးကောက်ပွဲကော်မရှင်ရုံးမှာ တွေ့မှာပါ” ဟု CNI သတင်းဌာနသို့ ပြောသည်။

အာဆီယံ အထူးကိုယ်စားလှယ်သည် မြန်မာနိုင်ငံသို့ လာရောက်သည့်အခါတွင် ဖမ်းဆီးထိန်းသိမ်းခံထားရသော ဒေါ်အောင်ဆန်းစုကြည်အား တွေ့ဆုံခွင့်ပေးရန် နစကထံ တောင်းဆိုထားသော်လည်း နစကဘက်က တရားရင်ဆိုင်နေရ သူများအား တွေ့ဆုံခွင့်ပေးရန် အကန့်အသတ်များရှိသည့်အတွက် NLD အစိုးရလက်ထပ်က ဒုသမ္မတ(၂)အဖြစ် တာဝန်ယူ ခဲ့သူ ဦးဟင်နရီဗန်းထီးယူနှင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သူ ဦးတီခွန်မြတ်တို့ဖြင့်သာ တွေ့ဆုံခွင့်ပေးနိုင် ကြောင်း အကြောင်းပြန်ထားသည်။

ထို့နောက် အောက်တိုဘာ ၂၆ ရက်မှ ၂၈ ရက်ထိ ကျင်းပမည့် အာဆီယံထိပ်သီး အစည်းအဝေးတွင် နစက ဥက္ကဋ္ဌကို မဖိတ်ကြားဘဲ ထားရန် မလေးရှားနိုင်ငံက ဆွေးနွေးလာခဲ့ပြီးနောက် ယခု မြန်မာနိုင်ငံ ခရီးစဉ်ဖြစ်လာပြီး နိုင်ငံရေးပါတီ ၈ ပါတီဖြင့် တွေ့ဆုံကြမည်ဖြစ်သည်။

ဆွေးနွေးပွဲတက်ရောက်ရန် ဖိတ်ကြားခံရသည့် ပါတီမှ တာဝန်ရှိသူတစ်ဦးက “ဒေါ်စုနဲ့မှ မတွေ့ရလို့ရှိရင် လာတာ ဘာမှ အကျိုးမရှိဘူး မထူးဘူး မလာဘူးဆိုပြီးဖြစ်တယ်။ ဒီလ ၂၈ ရက်နေ့လုပ်မယ် အာဆီယံထိပ်သီးတောင်မှပဲ နစက ဥက္ကဋ္ဌကို မဖိတ်တော့ဘူးလိုလို ဒါမျိုးတောင် လူသိရှင်ကြားထုတ်ပြောပြီး တင်းမာနေတဲ့အချိန်မှာ အခုလာပြီးဆိုတဲ့အခါကျတော့ ဒါဆိုရင် ဒီဘက်ကပဲ လိုက်လျောလို့ပဲလာတာလား၊ ဒါမှမဟုတ် ဘယ်လိုကြောင့်လာတာလဲ အဲတာ မသိရဘူး၊ လာတဲ့ အခါမှာ အထူးလေယာဉ်နဲ့လာတာဆိုရင်တော့ မနက်ဖြန် နေပြည်တော်တိုက်ရိုက်လာလို့ရတာပေါ့။ အထူးလေယာဉ်နဲ့ လာတာမဟုတ်ရင်တော့ ဒီနေ့ကတည်းကပဲ ရန်ကုန်ရောက်ပြီးတော့ မနက်ဖြန် နေပြည်တော်ရောက် တွေ့ကြမှာပေါ့”ဟု CNI သတင်းဌာနသို့ ပြောသည်။

အောက်တိုဘာ ၁၂ ရက်နေ့တွင် နေပြည်တော်မှာ နိုင်ငံရေးပါတီ ၈ ပါတီမှ ကိုယ်စားလှယ်များဖြင့် အာဆီယံအထူးကိုယ်စား လှယ် တွေ့ဆုံ ဆွေးနွေးမည်ဖြစ်သော်လည်း ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံ ဆွေးနွေးခွင့် ရှိမရှိကိုတော့ ယခုထိ အတည်မပြုနိုင်သေးပေ။