ရန်ချီ၊ အောက်တိုဘာ ၉
အိန္ဒိယနိုင်ငံ၊ ဂျဟာခန်ပြည်နယ် တရားရုံးချုပ်သည် BJP ပါတီ၏ ဉပဒေပြုပါတီခေါင်းဆောင် ဘာဘဲလာမရမ်ဒီ၏ နိုင်ငံရေးအကြံပေးဖြစ်သူ စူနေးတီဝါရီကို အောက်တိုဘာ ၈ ရက်က မုဒိမ်းမှုစွဲချက်အတွက် အာမခံပေးလိုက် ကြောင်း indianexpress.com က ရေးသားဖော်ပြသည်။
စူနေးတီဝါရီသည် မုဒိမ်းမှုကျူးလွန်သည်ဟူသောစွဲချက်ဖြင့် ယမန်နှစ် မတ်လက ဖြစ်ပွားခဲ့ပြီး ယခုနှစ် ဩဂုတ် ၁၆ ရက်တွင် အမှုဖွင့်ခံခဲ့ရသည်။ ယင်းနောက် ပြီးခဲ့သည့်စက်တင်ဘာလက စူနေးတီဝါရီကို ဖမ်းဆီးခဲ့သည်။
“စူနေးတီဝါရီကို ဂျဟာခန်တရားရုံးချုပ်က အာမခံပေးထားပါတယ်။ အဓိကအမှုအခြေအနေကတော့ သူ့ကို စုံစမ်းရေးအေဂျင်စီတစ်ခုခု (ဒါမှမဟုတ်) တရားရုံးတစ်ရုံးရုံးကနေ ဆင့်ခေါ်မယ်ဆိုရင် သူ့အနေနဲ့ ဂျဟာခန် တရားရုံးထဲသို့ ၆ လတိတိ လုံးဝဝင်ရောက်ခွင့်ရမှာ မဟုတ်ပါဘူး” ဟု ၎င်း၏ရှေ့နေဖြစ်သူ ပြည်နယ်ရှေ့နေချုပ် ဟောင်း အာရ်အက်စ်မဇမ်ဒါက The Indian Express သတင်းဌာနသို့ ပြောသည်။
ရုံးတော်သို့ ယခင်တင်ပြချက်များတွင် စူနေးတီဝါရီက ကြိုတင်အာမခံနှင့်ပုံမှန်အာမခံ တောင်းခံခဲ့ပြီး ၎င်းတွင် အပြစ်မရှိကြောင်းနှင့် မည်သည့်စွပ်စွဲချက်ကိုမဆို ကျူးလွန်ခြင်းမရှိကြောင်း စောဒကတက်ထားခဲ့သည်။
၎င်းသည် ရာဇဝတ်မှု ကျူးလွန်ခြင်းမရှိကြောင်းတင်ပြခဲ့သော်လည်း အမှု၌ ကြန့်ကြာခြင်းများ ရှိနေခဲ့သည်ဟု တရားရုံးမှတ်တမ်းများအရ သိရသည်။ နိုင်ငံရေးပြိုင်ဆိုင်မှုကြောင့် မတော်မတရားစွပ်စွဲခံရသူသည် ယခုအမှု၌ ပါဝင်ပတ်သက်နေရကြောင်း တရားရုံးမှတ်တမ်းများတွင် ဖော်ပြထားသည်။