ဝါဆော၊ အောက်တိုဘာ ၉
ပိုလန်နိုင်ငံရှိ တရားရုံးတစ်ရုံးက အောက်တိုဘာ ၈ ရက်တွင် ဥရောပသမဂ္ဂ(EU)၏ ဥပဒေစိုးမိုးမှုကို စိန်ခေါ်လိုက်ခြင်းကြောင့် EU ကို အကျပ်အတည်းတွေ့စေခဲ့သည်ဟု ရိုက်တာသတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။
ထို့နောက် ပိုလန်အနေဖြင့် အီးယူအဖွဲ့ဝင်အဖြစ်ကနေ နောက်ဆုံး နှုတ်ထွက်သွားနိုင်ခြေ ရှိလာကြောင်း စိုးရိမ်မှုများ တိုးပွား လာခဲ့သည်ဟုလည်း ရိုက်တာက ရေးသားထားသည်။
EU ဥပဒေ၏ အစိတ်အပိုင်းများသည် ပိုလန်ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် မကိုက်ညီကြောင်း ဆိုလာသဖြင့် နိုင်ငံပေါင်း ၂၇ နိုင်ငံပါဝင်သည့် EU ၏ ဥပဒေရေးရာမဏ္ဍိုင်မှာ ထိပါးလာခဲ့သည်။ ပိုလန်ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံး၏ ဆုံးဖြတ်ချက်ကို ဥရောပတစ်ဝန်းမှ နိုင်ငံရေးသမားများ၏ ဝေဖန်သံများ ကျယ်လောင် သွားခဲ့သည်။
“ယခုဖြစ်စဉ်အပေါ် မိမိအနေဖြင့် အလွန်စိုးရိမ်ပူပန်မိကြောင်းနှင့် မိမိဦးဆောင်သော ကော်မရှင်အနေဖြင့် EU ဥပဒေပါ မူလ အခွင့်အရေးကို သေချာစေရန် စွမ်းနိုင်သမျှ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း” ဥရောပကော်မရှင်ဥက္ကဋ္ဌ အာဆူလာဗွန်ဒါ လေယန် (Ursula von der Leyen)က ပြောကြားသည်ဟု ရိုက်တာက ဖော်ပြထားသည်။
EU အဖွဲ့ဝင် နိုင်ငံအသီးသီး၏ လူဦရေ သန်း ၄၅၀ နှင့် ၎င်းတို့ စီးပွားရေးလုပ်ငန်းများ တရားဝင်မှု သေချာရန် လိုအပ်ကြောင်း၊ ကော်မရှင်အနေဖြင့် နောက်ထပ် ခြေလှမ်းများကို ဆုံးဖြတ်ရန် ခွဲခြမ်းစိတ်ဖြာမှုတစ်ခု ပြုမည်ဖြစ်ကြောင်း ဥရောပကော်မရှင် ၏ ကြေညာချက်တစ်စောင်တွင် ရေးသားထားသည်။
ပုံ- ဥရောပကော်မရှင်ဥက္ကဋ္ဌ အာဆူလာဗွန်ဒါလေယန်ကိုတွေ့ရစဉ်။
“ဒီကိစ္စဟာ မီးနဲ့ကစားနေတာဖြစ်တော့ ကျနော်တို့အနေနဲ့ ပိုလန်အစိုးရနဲ့ ရှင်းရှင်းလင်းလင်း သတ်မှတ်ချက်တစ်ခု မဖြစ်မနေ ဆောင်ရွက်ရမှာဖြစ်ပါတယ်” ဟု လူဇင်ဘတ်နိုင်ငံတွင် ကျင်းပသည့် EU ဝန်ကြီးများ အစည်းအဝေးသို့ တက်ရောက်ခဲ့သူ လူဇင်ဘတ်နိုင်ငံခြားရေးဝန်ကြီး ဂျင်အက်ဆယ်ဘွန်းက ပြောသည်။
“ဥရောပဥပဒေရဲ့ ဦးစားပေးကိစ္စဟာ ဥရောပပေါင်းစည်းမှုနဲ့ ဥရောပတိုက်မှာ အတူတကွနေထိုင်ကြဖို့ မရှိမဖြစ်လိုပါတယ်။ ဒီစည်းမျဉ်းကို ချိုးဖောက်ခဲ့ရင် ရောမသဘောတူညီချက်မှာ ကျနော်တို့သတ်မှတ်ထားတဲ့အတိုင်း အဖွဲ့ဝင်အဖြစ်ကနေ ရပ်စဲ ရမှာပါ”ဟု ၎င်းက ဆိုသည်။
ပိုလန်နိုင်ငံသည် လတ်တလော အနေအထားတွင် EU နှင့်ဆက်စပ်နေသည့် ၎င်း၏စီးပွားရေး ထိခိုက်နိုင်မှု အန္တရာယ်များကို ထည့်သွင်း စဉ်းစားရမည်ဖြစ်သည်။ အကြောင်းမှာ ယခုပြဿနာ ပြေလည်သည်အထိ EU ထောက်ပံ့ငွေ ယူရို ၂၃ ဘီလီယံ (ဒေါ်လာ ၂၆ ဒသမ ၆၁ ဘီလီယံ)ကို ပိုလန်က လက်ခံရယူထားသည့်အပြင် ထပ်မံချေးငွေ ၃၄ ဘီလီယံကိုလည်း အခြား နည်းလမ်းဖြင့် တွက်ချက်၍ အတိုးနှုန်းထား သက်သာစွာဖြင့် ရရှိနိုင်ရန် မမြင်ရပေ။
အဆိုပါ ထောက်ပံ့မှုများသည် Covid-19 ကပ်ရောဂါနောက်ပိုင်း EU ၏ ပြန်လည်ထူထောင်ရေး ရန်ပုံငွေ၏ တစ်စိတ်တစ်ပိုင်း လည်း ဖြစ်သည်။
EU ဥပဒေကို ငြင်းပယ်သော နိုင်ငံတစ်နိုင်ငံအနေဖြင့် ယခင် သဘောတူထားသည့်အတိုင်း ရန်ပုံငွေများကို ဆက်လက် ရရှိရန် အာမခံနိုင်ခြင်း မရှိပေ။
ပိုလန်နိုင်ငံ၏ အာဏာရ အမျိုးသားဥပဒေနှင့် တရားမျှတရေးပါတီ (PiS)က ၎င်းတို့သည် ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်ကတည်းက Polexit ဟူ၍ အစီအစဉ်မရှိခဲ့ဖူး
ကြောင်း၊ ၎င်းတို့သည် ဗြိတိန်နှင့် မတူကြောင်း၊ ပိုလန်နိုင်ငံသည် EU အဖွဲ့ဝင်ဖြစ်နေသေးသည့် အတွက် ထောက်ခံမှုမြင့်မားနေဆဲဖြစ်ကြောင်း တုံ့ပြန်ထားသည်။