၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၉
အာဆီယံထိပ်သီး အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(နစက)ကို ဖိတ်ကြားခြင်း မရှိခဲ့ပါက အာဆီယံ အနေဖြင့် ၎င်းတို့ တည်ထောင်ထားသည့် ရည်ရွယ်ချက် ပဋိညာဉ်များ ပျက်စီးသွားနိုင်သည်ဟု သေနင်္ဂမဟာဗျူဟာ လေ့လာ ရေးအဖွဲ့မှ ဒါရိုက်တာတစ်ဉီးဖြစ်သူ ဦးသိန်းထွန်းဦးက ပြောသည်။
အာဆီယံထိပ်သီး အစည်းအဝေးကို လာမည့် အောက်တိုဘာ ၂၆ ရက်မှ ၂၈ ရက်အထိ ကျင်းပမည်ဖြစ်ပြီး နစက ဥက္ကဋ္ဌကို မဖိတ်ကြားရန် အဖွဲ့ဝင် နိုင်ငံများကြား ဆွေးနွေးမှုများ ပြုလုပ်နေသည်။
ဦးသိန်းထွန်းဦးက “ဖိတ်ကြားခြင်း မဖိတ်ကြားခြင်းထက် ဒါဟာ အာဆီယံအဖွဲ့ဝင် တစ်ယောက်အနေနဲ့ လုပ်ထုံး လုပ်နည်း အရ ဘယ်လိုပဲ ပြောပြော၊ နစက ဥက္ကဋ္ဌကတော့ ဖိတ် ကြားရမှာပဲ။ မဖိတ်ကြားဘူးဆိုရင် အာဆီယံရဲ့ သူတို့တည်ထောင် ထားတဲ့ ရည်ရွယ်ထားတဲ့ ပဋိညာဉ်တွေ ပျက်စီးသွားနိုင်တယ်။ နောက်တစ်ချက် အာဆီယံအဖွဲ့အတွင်းမှာ တစ်ဦးနဲ့ တစ်ဦး ရေရှည် ဖြစ်လာမယ့် ပြဿနာတွေကို နည်းနည်းညှိနှိုင်းမှု ခဲယဉ်းသွားတဲ့ အဖြစ်မျိုး၊ အာဆီယံရဲ့ စည်းလုံးမှုကို နည်းနည်း လေး ထိခိုက်သွားနိုင်တာမျိုး ရှိတယ်။” ဟု ပြောသည်။
ပြီးခဲ့သည့် ဧပြီလက အာဆီယံထိပ်သီး အစည်းအဝေး ကျင်းပခဲ့ပြီး နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက် ရောက်ခဲ့ကာ ဖမ်းဆီးထားသူများ ပြန်လွှတ်ပေးရန်၊ သက် ဆိုင်ရာအဖွဲ့အစည်းများဖြင့် တွေ့ဆုံဆွေးနွေးခွင့်ပြုရန်၊ လူသား ချင်း စာနာထောက်ထားမှုအကူအညီများပေးရန်၊ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံကိုယ်စားလှယ်ခန့်အပ်ခွင့်ပြုရန် စသည့် အချက်များ အပါ သဘောတူညီချက် ၅ ချက် ချမှတ်ခဲ့ကြသည်။
အဆိုပါ သဘောတူညီချက် ၅ ချက်ကို နစက အနေဖြင့် အကောင်အထည်ဖော်ဆောင်မှု မရှိသည့်အတွက် လာမည့် အာဆီယံထိပ်သီး အစည်းအဝေးသို့ မဖိတ်ကြားရန် အာဆီယံအဖွဲ့ဝင်နိုင်ငံတချို့က သဘောထား ရပ်တည်၍ ဆွေးနွေးလျက် ရှိနေကြသည်။
နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရဲထွန်းက အာဆီယံ ပဋိညာဉ်အရ ဆုံးဖြတ်ချက် တစ်ခုခုကို ချမည်ဆိုပါက နိုင်ငံအားလုံး သဘောတူမှ ချမှတ်ရကြောင်း၊ ကျန်နိုင်ငံများ၏ သဘောတူညီချက် သက်သက်ဖြင့် ဆုံးဖြတ်ချက်ချပြီး မဖိတ်ကြားခဲ့ပါက ထူးခြားသည့် ဖြစ်စဉ်ဖြစ်လာနိုင်ကြောင်း ပြောသည်။
၎င်းက “အာဆီယံကတော့ အဲလောက် တိုက်တွန်းတာလောက်ပဲ တတ်နိုင်တာလေ။ သူတို့ရဲ့ အသင်းဖွဲ့စည်းစဉ်က အားလုံး သဘောတူ လက်မှတ်ထိုးထားတဲ့ ပဋိညာဉ်အရကိုက သူတို့က ဆုံးဖြတ်ချက် resolution တွေ မချနိုင်ဘူးလေ။ ဘာလုပ် ရမယ်။ အဲတာကို မလုပ်ရင် ဘယ်လို အရေးယူမယ်ဆိုတဲ့ဟာတွေကို သူတို့က ချလို့ မရဘူး။ အားကြောင့်မို့ ဒီလိုပဲ တိုက်တွန်းတာ အချိန်က နစက ပြောထားတဲ့ အချိန်ရောက်သွားမယ်လို့ ထင်ပါတယ်” ဟု ပြောသည်။
ဦးသိန်းထွန်းဦးက နစက တက်သင့် မတက်သင့် အငြင်းပွားမှုသည် များသောအားဖြင် မလေးရှားနိုင်ငံက လုပ်ဆောင်နေခြင်း ဖြစ်ပြီး အစ္စလာမ်မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ဝင် (OIC) များ၏ ဖိအားများကြောင့် လုပ်နေသည်ဟု သုံးသပ်ကြောင်း ပြောသည်။
၎င်းက “နစက ဥက္ကဋ္ဌ တက်သင့် မတက်သင့်ဆိုပြီး အငြင်းပွားတဲ့ အထဲမှာ များသောအားဖြင့် မလေးရှားက စွာနေတာပေါ့ လေ။ ဒါကတော့လည်း ဖြစ်ရိုးဖြစ်စဉ်အတိုင်းပါပဲ။ အထူးသဖြင့် ရခိုင် ဘင်္ဂါလီကိစ္စမှာကတည်းက မလေးရှားက မြန်မာ အပေါ်မှာ တော်တော်လေး လွန်လွန်ကျွန်ကျွန် ပြောထားတာရှိတော့ ဒါကတော့ သူ့လုပ်ငန်းစဉ် သူလုပ်တဲ့ အပိုင်းပေါ့။ အထူးသဖြင့် ကျနော်ထင်ပါတယ်။ OIC ရဲ့ pressure တွေ ပါနေလို့ ဒါမျိုးလုပ်တယ်လို့ပဲ သုံးသပ်ပါတယ်”ဟု ပြောသည်။
နစက သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက “မြန်မာနိုင်ငံအနေနဲ့ကတေ့ အာဆီယံအဖွဲ့ ဝင် နိုင်ငံ ဖြစ်နေပြီး အာဆီယံပဋိဉာဉ် စည်းမျဉ်းစည်းကမ်းတွေအတိုင်း လုပ်ဆောင်သွားမယ်ဆိုတာပဲ ပြောချင်ပါတယ်”ဟု ပြော သည်။
အာဆီယံ၏ အခြေခံစည်းမျဉ်း(၆)ရပ်မှာ (၁) နိုင်ငံအားလုံး၏ လွတ်လပ်ရေး၊ အချုပ်အခြာ အာဏာညီမျှမှု နယ်မြေ ပိုင်ဆိုင် မှုနှင့် အမျိုးသားရေး လက္ခဏာများကို အပြန်အလှန်လေးစားရေး၊ (၂) နိုင်ငံတစ်နိုင်ငံ၏ တည်ရှိခွင့်သည် အခြားနိုင်ငံများ၏ ဝင်ရောက်စွက်ဖက်ခြင်း၊ နိုင်လိုမင်းထက် ပြုခြင်းများ ခြိမ်ခြောက် ခြင်းတို့မှ ကင်းလွတ်စေရန်၊(၃) တစ်နိုင်ငံ၏ ပြည်တွင်း ရေးကို တစ်ခြားနိုင်ငံများမှ ဝင်ရောက်စွက်ဖက်ခြင်း မပြုလုပ်ရန်၊ (၄) အငြင်းပွားမှုများကို ငြိမ်းချမ်းစွာ ဖြေရှင်းရန်၊ (၅) အာဏာသုံး၍ ခြိမ်းခြောက်မှုများ မပြုလုပ်ရန်၊ (၆) နိုင်ငံအချင်းချင်း ထိထိရောက်ရောက် ပူးပေါင်းကူညီဆောင်ရွက်ရန် တို့ဖြစ်ကြသည်။
အရှေ့တောင်အာရှနိုင်ငံများအဖွဲ့(အာဆီယံ)ကို ၁၉၆၇ ခုနှစ်က ဘန်ကောက်ကြေညာချက်စာတမ်းကို အင်ဒိုနီးရှား၊ မလေး ရှား၊ စင်ကာပူ၊ ထိုင်း၊ ဖိလစ်ပိုင် စသည့် နိုင်ငံများ၏ နိုင်ငံ ခြားရေးဝန်ကြီးများက လက်မှတ်ရေးထိုးကာ စတင်ဖွဲ့စည်းခဲ့ကြ သည်။
ထို့နောက် ဘရူနိုင်း၊ ဗီယက်နမ်၊ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား စသည့် နိုင်ငံများက အဖွဲ့ ဝင်နိုင်ငံများအဖြစ် ပါ ဝင်ခဲ့ကြ သည်။ ထိုအထဲမှာ မြန်မာနိုင်ငံသည် ၁၉၉၇ ခုနှစ်မှာ အဖွဲ့ ဝင်ဖြစ်ခဲ့ပါသည်။