မင့်စ်ခ် (ဘီလာရုစ်)၊ အောက်တိုဘာ ၃
အစိုးရဘက်မှ KGB လုံခြုံရေးအရာရှိတစ်ဦး ပစ်ခတ်ခံရပြီး သေဆုံးခဲ့သည့်အတွက် လူ ၁၀၀ ခန့်ကို ဖမ်းဆီးထားကြောင်း ဘီလာရုစ်နိုင်ငံမှ အထင်ရှားဆုံး လူ့အခွင့်အရေးအဖွဲ့တစ်ဖွဲ့သည့် ဗီယာစနာအဖွဲ့က အောက်တိုဘာလ ၂ ရက်တွင် ပြော ကြောင်း အယ်လ်ဂျာဇီးယားသတင်းဌာနက ရေးသားဖော်ပြသည်။
အဆိုပါ လူ့အခွင့်အရေးအဖွဲ့ဖြစ်သည့် ဗီယာစနာ(Viasna) အဖွဲ့က “ယခုဖမ်းဆီးမှုသည် မြို့တော်မင်ဆက်နှင့် အခြားမြို့ကြီး ၇ မြို့တို့တွင် ဖြစ်ပြီး လက်ဝဲအတိုက်အခံ အသတ်ခံရခြင်းအပေါ် လူမှုကွန်ရက်များတွင် သဘောထား မှတ်ချက် (Comments) များ ပေးကြခြင်းနှင့် ဆက်စပ်နေပုံရကြောင်း” ဆိုသည်။
လက်ရှိ ဖမ်းဆီးခံ ထားရသူများအား အစိုးရအရာရှိများကို ထိပါးစော်ကားခြင်းနှင့် လူမှုရေးအရ ရန်ငြိုးဖွဲ့ခြင်း ပြစ်ချက်များဖြင့် ထောင်ဒဏ် ၁၂ နှစ်အထိ ချမှတ်ထားကြောင်း ဆိုသည်။
ဘီလာရုစ် အာဏာပိုင်များသည် ပြီးခဲ့သည့် သီတင်းပတ် စက်တင်ဘာ ၂၈ ရက်က ဖြစ်စဉ်ကို သတင်းထုတ်ပြန်ခဲ့သည်။ထို့ နောက် အစိုးရအရာရှိများကို ပစ်သတ်ရန်ကြံရွယ်မှုဖြင့် အထူးအန္တရာယ်ရှိသော ရာဇဝတ်သမားများနှင့် အကြမ်းဖက် လှုပ်ရှား မှုများတွင် ပါဝင်သူများကို လိုက်လံရှာဖွေ၍ အရေးယူခဲ့သည်ဟု ဆိုသည်။
ဘီလာရုစ်နိုင်ငံတော်အဆင့် KBG လုံခြုံရေးအရာရှိတစ်ဦးသည် ပစ်ခတ်မှုတစ်ခုကြောင့် သေဆုံးခဲ့ရကြောင်း၊ အဆို ပစ်ခတ်မှု ကျူးလွန်ခဲ့သူများလည်း အပြန်အလှန် တိုက်ခိုက်မှုများအတွင်း သေဆုံးသွားပြီဖြစ်ကြောင်း ဘီလာရုစ် အာဏာပိုင်များ၏ သတင်းထုတ်ပြန်ချက်ထဲတွင် ပြောကြားထားသည်။
ပုံ- ဘီလာရုစ်နိုင်ငံက လုံခြုံရေးအဖွဲ့ကိုတွေ့ရစဉ်။
စက်တင်ဘာ ၂၈ ရက် အခင်းဖြစ်ပွားစဉ် သေဆုံးသူများမှာ ဘီလာရုစ်လူမျိုးများဖြစ်ကြပြီး အမေရိကန် အခြေစိုက် အိုင်တီ ကုမ္ပဏီကြီး တစ်ခုဖြစ်သော EPAM Systems မှ ဝန်ထမ်းများလည်း ဖြစ်ကြကြောင်း သိရသည်။
EPAM ကုမ္ပဏီကြီးသည် ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ် ဘီလာရုစ် ရွေးကောက်ပွဲကာလ အတိုက်အခံများကို ထောက်ခံရင်း အလုပ် အကိုင် ဆုံးရှုံးခဲ့ရသူများကို စုစည်း၍ အိုင်တီလုပ် သားများအဖြစ် လေ့ကျင့်မွေးထုတ်ပေးသည့် အစီအစဉ်ကို အကောင်အထည် ဖော်ခဲ့သည်။
ဘီလာရုစ်သမ္မတ အလက်ဇန္ဒားလူကာရှန်ကိုသည် သေဆုံးသွားသော KGB ထိပ်တန်းအရာရှိကို ဂုဏ်ပြုသောအားဖြင့် အောက်တိုဘာ ၁ ရက်က သမ္မတရုံးအရာရှိများနှင့် တွေ့ဆုံစဉ် တစ်မိနစ်ငြိမ်သက်စွာနေခဲ့ပြီး “ဒီလိုပုဂ္ဂိုလ် သေဆုံးရတာနဲ့ ပတ်သက်ပြီး ကျူးလွန်သူတွေကို ခွင့်လွှတ်မှာ မဟုတ်ဘူး” ဟု ထုတ်ဖော်ပြောကြားခဲ့သည်။
ယခု သီတင်းပတ် အစောပိုင်း၌ ဘီလာရုစ်ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယအကြီးအကဲ နီကိုလိုင်းကာပြန်ချော့ဗ်က “ယခု ဖြစ်စဉ်အပေါ် လူမှုကွန်ရက်မီဒီယာများတွင် သဘောထား မှတ်ချက်ပေးသူများကို အတိအလင်း ရှုတ်ချခဲ့ပြီး အစုလိုက် အပြုံလိုက် ဖမ်းဆီးမှုများ ပြုလုပ်မည်” ဟု ရုပ်သံလိုင်းမှ ထုတ်လွှင့်မှုတစ်ခုတွင် ထည့်သွင်း သတိပေးထားခဲ့သည်။
“တည်ငြိမ်အေးချမ်းပြီး စိတ်ကောင်းရှိတဲ့ အင်ဒရိုင်ဇဲ့စတာ (Andrei Zeltser) ကို အခု အကြမ်းဖက်သမားအဖြစ် ကြေညာ လိုက်ပြီဖြစ်ပါတယ်။ အစိုးရက သူနဲ့သဘောထားချင်း မတိုက်ဆိုင်တဲ့ သူတွေမှန်သမျှ အကြမ်းဖက်သမားတွေလို့ ကြေညာနေ ပါတယ်” ဟု ဘီလာရုစ် အတိုက်အခံ တက်ကြွလှုပ်ရှားသူ ပါဗယ်လက်ရှကိုက အေပီသတင်းဌာနသို့ ပြောကြားခဲ့သည်။ ၎င်းသည် လတ်တလောတွင် ဘီလာရုစ်နိုင်ငံ၏ပြင်ပတွင် ရောက်ရှိနေပြီး ဝါဆောမြို့မှ အေပီသို့ ယင်းကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။