ဒိုဟာ၊ အောက်တိုဘာ ၃
အာဖဂန်နစ္စတန်နိုင်ငံက အမျိုးသမီးငယ်များ၏ ပညာရေးအပေါ် တာလီဘန်တို့ အပြောင်းအလဲလုပ်ခြင်းသည် အလွန် စိတ်ပျက်စရာကောင်းကြောင်းနှင့် နောက်သို့ ခြေတစ်လှမ်း ပြန်ဆုတ်ရမည်ဖြစ်ကြောင်း ကာတာနိုင်ငံမှ ထိပ်တန်း သံတမန် တစ်ဦးက ညည်းညူပြောကြားလိုက်သည်။
ထို့အတူ အစ္စလာမ္မစ် စနစ်နှင့်ကိုက်ညီအောင် မည်သို့မည်ပုံကျင့်သုံးရေး တာလီဘန်တို့ ရှာဖွေသင့်ကြောင်း ၎င်းက တိုက်တွန်း ခဲ့သည်ဟု အယ်လ်ဂျာဇီးယား သတင်းဌာနက ဖော်ပြခဲ့သည်။
အာဖဂန်အလယ်တန်းကျောင်းသူများ ကျောင်းပြန်တက်နိုင်ရေး တာလီဘန်များဘက်မှ ငြင်းဆန်ခဲ့ကြောင်း သတင်းထွက်ပေါ် ခဲ့ပြီးနောက် အထက်ပါအတိုင်း ကာတာနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး ရှိတ်မိုဟာမက်က ညည်းညူ လိုက်ခြင်း ဖြစ်သည်။
ဒိုဟာတွင် ကျင်းပသည့် ဥရောပသမဂ္ဂ နိုင်ငံခြားရေးမူဝါဒအကြီးအကဲ ဂျိုးဇက်ဘော်ရေးနှင့်အတူ စက်တင်ဘာ ၃၀ ရက်က ပူးတွဲ သတင်းစာ ရှင်းလင်းပွဲ၌ ကာတာနိုင်ငံခြားရေးဝန်ကြီးက တာလီဘန်များနှင့်ပတ်သက်၍ စိတ်ပျက်စရာ မှတ်ချက်ချခဲ့ ကြောင်း အယ်လ်ဂျာဇီယားသတင်းက ဖော်ပြသည်။
ပုံ-ပညာသင်ကြားခွင့် လွတ်လပ်ခွင့်ရရေး အမျိုးသမီးများ ဆန္ဒပြနေစဉ်(AFP)
အာဖဂန်နစ္စတန်နိုင်ငံတွင် ကံမကောင်း အကြောင်းမလှစွာဖြင့် မကြာသေးမီက လုပ်ဆောင်ချက်အချို့သည် ခြေလှမ်းများ နောက်ပြန်ဆုတ်ခြင်းဖြစ်နေကြောင်း တွေ့မြင်ခဲ့၍ အလွန်စိတ်ပျက်စရာကောင်းကြောင်း ကာတာနိုင်ငံခြားရေးဝန်ကြီးက မှတ်ချက်ချခဲ့သည်။
ကာတာနိုင်ငံသည် အာဖဂန်မှ အမေရိကန်တပ်များ ပြန်ဆုတ်သွားပြီးနောက် တာလီဘန်တို့အတွက် အဓိက ကြားခံပွဲစား အသွင် ဖြစ်လာခဲ့ပြီး လက်ရှိတွင်လည်း တာလီဘန်အစိုးရသစ်နှင့် ကဘူးလ်လေဆိပ် မွမ်းမံရေး ပံ့ပိုးနေရသည်။
“ကျနော်တို့က တာလီဘန်တွေကို ဆက်ပြီး ဆွဲဆောင်ဖို့ လိုပါတယ်။ သူတို့ကိုလည်း ဒီလိုလုပ်ရပ်တွေ မလုပ်ဖို့ တိုက်တွန်းပါ တယ်။ ကျနော်တို့ မွတ်ဆလင်နိုင်ငံတွေကနေ တာလီဘန်တွေရဲ့ ဥပဒေတွေကို ဘယ်လိုလုပ်ပေးနိုင်မလဲနဲ့ အမျိုးသမီး ပြဿနာတွေ ဘယ်လိုကိုင်တွယ်နိုင်မလဲဆိုတာ တာလီဘန်တွေကို ချပြနိုင်ဖို့ ကျနော်တို့ ကြိုးစားနေပါတယ်” ဟု ရှိတ်မိုဟာ မက်က ပြောသည်။
“ဥပမာပြောရရင် ကျနော်တို့ ကာတာနိုင်ငံဟာ မွတ်ဆလင်နိုင်ငံဖြစ်ပါတယ်။ အစ္စလာမ္မစ်စနစ်ပဲ ကျင့်သုံးပါတယ်။ ဒါပေမယ့် ကျနော်တို့ဆီမှာ အမျိုးသမီးတွေဟာ အစိုးရဝန်ထမ်းတွေ၊ အဆင့်မြင့် ပညာရေးကဏ္ဍတို့တွင် အမျိုးသားတွေထက် ပိုပြီး စွမ်းဆောင် နေကြတာ တွေ့ရမှာဖြစ်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
တာလီဘန်တို့၏ အုပ်ချုပ်မှုပုံစံသည် ၁၉၉၆ ခုနှစ် အနေအထားနှင့် ယခု ၂၀၂၁ ခုနှစ်အနေအထား ဆင်တူပင်ဖြစ်သောကြောင့် ကြောက်မက်ဖွယ် အစီအမံများ ဆက်လက် ချမှတ်မည့် အရိပ်အယောင်များ ပြသနေကြောင်း အယ်လ်ဂျာဇီးယားသတင်း၌ ဖော်ပြထားသည်။